ပြည်ပအလုပ်သွားလုပ်သူများ Job passport ပြုလုပ်ရတော့မည်

မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစားကိုးမျိုးကို အရောင်သုံးမျိုးဖြင့် ခွဲခြားကာ ထုတ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးအဖွဲ့မှ သိရသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစား ကိုးမျိုးခွဲခြားထားရာတွင် bussiness passport ၊ dependent passport ၊ job passport ၊ religious passport ၊ seaman passport ၊ student passport ၊ visit passport ၊ diplomatic passport ၊ official passport စသည်ဖြင့် အမျိုးအစားကိုးမျိုးခွဲထားပြီး အနီရောင်၊ အပြာရောင်၊ အစိမ်းရောင် စသည့်အရောင် သုံးမျိုးခွဲခြားထားကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက “ပတ်စ်ပို့အမျိုးအစားကိုးမျိုး၊ အရောင်သုံး ရောင်ခွဲပြီး လုပ်ပေးနေတာက နိုင်ငံကူးလက်မှတ် စလုပ်တဲ့အချိန်ကစပြီး လုပ်ပေးတာပါ။ ကိုးမျိုးထဲက ခုနစ်မျိုးကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ဆောင်ရွက်ပေးနေပြီး ကျန်နှစ်မျိုးဖြစ်တဲ့ diplomatic passport နဲ့ official passport အစိမ်းရောင်နဲ့ အပြာရောင်ကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပေးမှုတွေ ဆောင်ရွက်တာပါ။ ပြည်ပထွက်ပြီး အလုပ်သွားလုပ်တဲ့သူတော်တော်များများက visit passport ၊ အမျိုးအစားနဲ့ပဲလုပ်ပြီး ပြည်ပထွက်ခွာအလုပ်လုပ်တာ များပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ပြည်ပနိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ အလုပ်သွားရောက်လုပ်ကိုင်တဲ့အခါ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်လာရင်၊ ဒါမှမဟုတ် အခက်အခဲတွေရှိလာရင် အာမခံချက် အပြည့်အ၀ရရှိအောင်၊ အလုပ်သမားအခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ရအောင် ခုလိုစီစဉ်ဆောင် ရွက်တာပါ။

၂၀၁၇ ဇန်န၀ါရီ ၁ ရက်ကစပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံခြားအလုပ်သွား လုပ်မယ့်သူတွေ အနေနဲ့ visit passport နဲ့ ခွင့်မပြုတော့ဘဲ Job passport နဲ့ပဲ သွားလုပ်ခွင့်ပြုတော့မှာပါ။ အဲဒီလိုကိစ္စတွေ အတွက်လည်း ၂၀၁၇ ဇန်န၀ါ ရီ ၁ ရက်ကစပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက စိစစ်သွားမှာပါ။ နိုင်ငံတော်အစိုးရနဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် တရားဝင်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အခုလို စီစဉ်ဆောင်ရွက်တာပါ။ ပတ်စ်ပို့ရဲ့ပုံစံကို ပတ်စ်ပို့စာအုပ်မှာ ဖော်ပြသွားမှာပါ ” ဟု ပြောသည်။

ယခုအခါ နိုင်ငံကူးလက်မှတ်သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး ကုန်ကျစရိတ်မှာ ကျပ်နှစ်သောင်းခွဲသာကုန်ကျပြီး၊ အသက် ၆၀ ကျော်အရွယ်ရှိသူများ၊ နာမကျန်းဖြစ်နေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ရုံးသို့မလာရောက်နိုင် သူများကို အိမ်တိုင်ရာရောက် ၀န်ဆောင်မှုပေးပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စနစ်ဖြင့်လည်း ဆောင်ရွက် ပေးနေကြောင်း သိရသည်။

#Democracytoday


Leave a Reply