ကားမော်ဒယ်သတ်မှတ်ချက်များကြောင့် ၂၀၁၇ တွင် သိန်း ၃၀၀ နီးပါးသုံးနိုင်မှ ကားအသစ်စီးနိုင်မည်

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်လိုက်သော ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်း သတ်မှတ်ချက်များကြောင့် ၂၀၁၇ ခုနှစ်တွင် ကားအသစ်ဝယ်လိုသူများ အနေနှင့် ကျပ်သိန်း ၃၀၀ နီးပါးအသုံးပြုနိုင်မှ ကားအသစ်စီးနိုင်မည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်း ရောင်းချသူများအသင်းမှ ဒေါက်တာစိုးထွန်းက News Watch ကို ပြောကြားသည်။

”ဒီထုတ်ပြန်ချက်ကြောင့် ကားဈေးက ပိုတက်မှာပါ။ မော်ဒယ်အမြင့်တွေ သွင်းရမယ်။ ဘယ်မောင်းတွေပဲ သွင်းရ မယ်ဆိုတော့လေ။ ဆိုလိုတာက သိန်းတရာနဲ့ သိန်း ၂၅၀ ကြားမှာ ကား ၀ယ်လို့မရတော့ဘူးပေါ့။ သိန်း ၂၅၀ ကျော် ၃၀၀ နီးပါးသုံးနိုင်မှ လူစီးကား စ၀ယ်လို့ရမယ်။ ၂၀၁၁ မော်ဒယ်ကစပြီး ကားသွင်းရမယ်ဆိုတော့ တက်တော့မှာ ပေါ့” ဟု ၎င်းကပြောကြားသည်။

နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သော မော်တော်ယာဉ်သတ်မှတ်ချက်များအရ ယာဉ်အို/ယာဉ်ဟောင်း အစီအစဉ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ ကားမော်ဒယ်များနှင့် လူပုဂ္ဂိုလ်တဦးချင်း အစီအစဉ်တွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းကားမော်ဒယ်များ တင်သွင်းရမည်ဖြစ်၍ ဘယ်မောင်းများသာ ခွင့်ပြု သတ်မှတ် ထားကြောင်း သတင်းရရှိသည်။

မော်တော်ယာဉ်တင်သွင်းခြင်း သတ်မှတ်ချက်များကြောင့် ၂၀၁၇ တွင် ကားဈေးများတက်လာမည် ဖြစ်သော်လည်း ရုတ်တရက် ထိုးတက်နိုင်ခြေမရှိဘဲ အချိန်အားဖြင့် သုံး၊ လေးလခန့် ကြာဦးမည်ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းရောင်းချသူများအသင်းမှ ဦးရန်မျိုးအောင်က ပြောကြားသည်။

”ကားဈေးက တက်တော့သွားမယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး ထိုးတက်သွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဈေးကွက်ထဲမှာလည်း ကားတွေက အရောင်းစင်တာတွေမှာရော၊ တစ်ဦးချင်းသွင်းထားတဲ့ ဆီမှာကော တော်တော် များများရှိသေးတယ်။ တဖြည်းဖြည်းချင်းပဲ ဈေးကလိုက်လာမှာပေါ့နော်။ အချိန်အားဖြင့် အနည်းဆုံး သုံးလေးလ လောက် ကြာဦးမယ်လို့ ခန့်မှန်းတယ်။ ၂၀၁၇ ဇွန်၊ ဇူလိုင်မှာတော့ ဈေးကွက်က သိသိသာသာ ပြောင်းလဲသွား မယ့်အနေအထားမှာရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပြည်ပမှတင်သွင်းမည့် မော်ဒယ်အမြင့် ဘယ်မောင်းကားများသည် ဈေးတက်သွားမည်ဖြစ်သော်လည်း ပြည်တွင်းထုတ် ကားအသစ် (brand new) များ၏ ဈေးနှုန်းကို ကျော်လွန်၍ မဖြစ်နိုင်ဟု ပညာရှင်အချို့က သုံးသပ်နေကြ သည်။ ဆူဇူကီးကားအသစ်သည် လက်ရှိပြည်တွင်း၌ သိန်း ၂၄၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။

# News Watch


Leave a Reply