နိုင်ငံရေးပါတီတွေကလည်း ကာ/လုံခေါ်ခွင့်နဲ့ပတ်သက်ပြီး တောင်းဆိုပိုင် ခွင့်ရှိတယ်

၁၃ ပါတီ ပူးတွဲကြေညာချက်သည် လုပ်ကွက်ပျောက်နေသဖြင့် နိုင်ငံရေး ကစားခြင်းဖြစ်နိုင်သည်ဟု နိုဝင်ဘာ ၃ဝ ရက်ထုတ် သတင်းမီဒီယာတစ်ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ပြောဆို ချက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြန်လည်ဖြေကြားချက်များကို ဖော်ပြပေးလိုက်ပါသည်။

၁၃ ပါတီ ကြေညာချက်ဟာ ကျွန်တော်တို့ အခြေခံဥပဒေအရ တက်လာတဲ့ အစိုးရ၊ အခြေခံဥပဒေကြောင့် ပေါ်လာတဲ့ လွှတ်တော်၊ အခြေခံဥပဒေအရ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အခြေခံဥပဒေကို လက်ခံသည် ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သွားရမယ့်လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ မြင်ပါတယ်။ အုပ်ချုပ်ရေးရော ဥပဒေပြုရေးရောပေါ့ဗျာ။

အဲ့ဒီတော့ အခြေခံဥပဒေအရ တည်ထောင်ထားတဲ့အဖွဲ့တွေက အခြေခံဥပဒေ ကို ကြိုက်ခြင်း၊ မကြိုက်ခြင်းကိုဖယ်ထားပြီး အခြေခံဥပဒေအရ ဆောင်ရွက် ဖွယ်ကိစ္စတွေကို ရှောင်ကွင်းပြီး သွားနေတာဟာ နိုင်ငံရေးအရကြည့်မယ် ဆိုရင် နိုင်ငံရေး ငါတကောကောတဲ့ ပုံမျိုးပေါက်နေတယ်လေ။ လုပ်ချင်ရာ လုပ်လို့ ရတယ်ဆိုပြီး စည်းလွတ်ဝါးလွတ် လုပ်လို့ရတယ်ဆိုရင် ဘာလို့ အခြေခံ ဥပဒေအတိုင်းတက်လာသေးလဲဗျာ။ အဲ့ဒီလို ကျွန်တော်တို့ကမြင်တယ်။
ဘယ်လိုပဲ ကျွန်တော်တို့ကို ပုတ်ခတ်ပြောသည်ဖြစ်စေ ကျွန်တော်တို့က မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်နေတဲ့ အတွက်ကြောင့် အထူးတလည် ပြောနေဖို့ မရှိပါဘူး။ နောက်ကျောမလုံတဲ့သူတွေကသာ စကားတွေ ကြမ်းကြမ်း တမ်းတမ်း ပြောတာဖြစ်ပြီးတော့ နောက်ကျောလုံတဲ့သူတွေ ကျတော့ ဘာမှထူးထူးခြားခြား ပြောဖို့မရှိပါဘူး။

နောက် ကာ/လုံခေါ်တယ်ဆိုတာ နိုင်ငံသားတစ်ယောက်ကတောင် ကာ/လုံ ခေါ်ပေးဖို့ ပြောရင် ပြောခွင့်ရှိတာပဲ။ သူတို့ပါတီကပဲ နေရာတိုင်းမှာ နိုင်ငံသား အားလုံးပါဝင်ရမယ်ဆိုပြီးတော့ ကူညီရမယ်ဆိုပြီးတော့ ထုတ်ပြန်ထားတာ၊ ပြောဆိုထားတာတွေ ရှိတယ်ဗျာ။ အဲ့ဒီတော့ လွှတ်တော်ကလည်း ငြိမ်နေတယ် ဗျာ။ အစိုးရအဖွဲ့ကလည်း ခေါ်ဖို့မပြောဘူးဆိုတော့ နိုင်ငံရေးပါတီတွေက ပြည်သူ့ကိုယ်စားပြုတဲ့အနေနဲ့ ထုတ်ပြန်တာဟာ လွန်မယ်မထင်ပါဘူး။

ပြည်ခိုင်ဖြိုးပါတီနဲ့ ပေါင်းတယ်ဆိုတာလည်း ပေါင်းတာမဟုတ်ပါဘူး။ ပူးတွဲပြီး ကြေညာချက်ထုတ်တာလေ။ နိုင်ငံမှာ အရေးကြီးတဲ့ကိစ္စတွေကို ဘယ်ပါတီနဲ့ မဆို၊ သူတို့ပါတီနဲ့ သဘောတူမယ်ဆိုရင်တောင် ထုတ်လို့ရပါတယ်။ နားမလည်ဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ပေါင်းတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးဗျ။ သူတို့ပြောချင်ရာပြောတဲ့ ကိစ္စဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးပြောတယ်ဆိုတာ ကတော့ စည်းမစောင့်တာဘဲ။ ရပ်ကွက်ထဲဖြစ်တဲ့ကိစ္စတိုင်းတော့ မကြည့်နိုင် ဘူးဗျာ။ ခပ်ရိုင်းရိုင်းမပြောချင်လို့ပါ။ အသံကြားတိုင်း ထကြည့်ရမယ့် ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့လုပ်တဲ့ ကိစ္စတွေက မှန်နေလို့။ အသံကြားတိုင်း၊ အော်တိုင်း ပြန်လှည့်ကြည့်ရမယ့် ဂရုစိုက်ရမယ့်အကြောင်း မရှိဘူးလို့ ပြောချင်ပါတယ်။

၁၃ ပါတီ ပူးပေါင်းထုတ်ပြန်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ကလည်း ငြင်းတာပဲလေ။ ဒါပေမဲ့ နိုင်ငံရေး ဆိုတာက အခု ဒီလိုဖြစ်ပေမယ့် တော်ကြာ အရှိန်ကကြီးလာနိုင်တယ် လေဗျာ။ အနောက်ဘက်တံခါးမှာ ဖြစ် နေတာ ဘယ်လောက်ပဲ ငြိမ်တယ်ဆိုပေမယ့်လို့ ငြိမ်နေတာသာဖြစ်တယ်။ နောက်တစ်ခါ ထပ်မဖြစ်ပါဘူးလို့ အာမမခံနိုင် ဘူးလေ။ သူတို့လည်း သိပါတယ်။ မောင်တောဒေသ၊ ရခိုင်အနောက် မြောက်ဒေသကို ရိုဟင်ဂျာ ပြည်နယ်ကြီး လုပ်ချင်တဲ့ကိစ္စဟာ ဟိုးအရင်ကတည်းကစတာ။ အခုထိ အမျှင်မှမပြတ်ဘဲကိုး။

အခု စိုးရိမ်စရာကောင်းတာက နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကနေပြီးတော့ လွှတ်တော်၊ တပ်မတော်၊ အစိုးရပါဝင်တဲ့ အဖွဲ့တွေက ထောင့်ပေါင်းစုံက သုံးသပ်ဆုံးဖြတ်ဖို့လိုပြီဆိုတဲ့ဟာကို နိုင်ငံရေးပါတီ တွေက တောင်းဆိုတာဟာ ဘယ်အရာမဆို အစိုးရတစ်ခုတည်း လုပ်လို့ရတယ်ဆိုတာ မရှိပါဘူး။ သူတို့ပါးစပ်ကပဲ ပြောတာပဲလေ။ သူတို့ကနေရာတိုင်းမှာ ပြည်သူမပါလို့မရဘူး။ တော်ကြာ ပြည်သူမလိုဘူး။ နိုင်ငံရေးပါတီမလိုဘူး ပြောတာ ရှေ့စကား၊ နောက်စကား မညီတာ ကျွန်တော်တို့မဟုတ်ဘူး။ သူတို့ပဲ။


Leave a Reply