အစိုးရနှင့် UNFC တို့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် ဆက်လက်ဆွေးနွေးမည်

14681855_804768539660623_7900214056160549002_n

ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေး အစိုးရနှင့် UNFC ကိုယ်စားလှယ်တို့ ဆက်လက်တွေ့ဆုံညှိနှိုင်းမည်ဟု နှစ်ဖက်ကိုယ်စားလှယ်များကပြောသည်။ UNFC အဖွဲ့ဝင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်တွင် အစိုးရလုံခြုံရေး တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

ယင်းတိုက်ပွဲများကြောင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့ (DPN)တို့၏ နိုဝင်ဘာ အတွင်း တွေ့ဆုံရန် စီစဉ်ထားမှု ရွှေ့ဆိုင်းရပြီး ဒီဇင်ဘာအတွင်း ထပ်မံတွေ့ဆုံရန် ညှိနှိုင်းလျက်ရှိသည်။ ‘‘ကျွန်တော်တို့တော့ ဆက်ပြီးတော့ဆွေးနွေးမှာပဲ။ အခု ဒီမှာအစိုးရ ဘက်ကလူတွေကို ခေါ်ထားတယ်။ ခေါ်ထားတော့ အလုပ်ရှိတယ်၊ မလာနိုင်သေးဘူး လို့တော့ ပြောတာပဲ။ ကျွန်တော်တို့ စောင့်နေတယ်။ ၁၀ ရက်နေ့ အထိ စောင့်နေတယ် လာပါလို့’’ ဟု DPN အဖွဲ့ဝင် နိုင်ရွှေသိန်းက နိုဝင်ဘာ ၃၀ ရက်၌ ပြောသည်။

 ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ် နိုင်ငံသို့ သွားရောက်နေရာ ဒီဇင် ဘာ ၂ ရက်၌ ပြန်လည်ရောက်ရှိ မည်ဖြစ်သည်။ ‘‘ငြိမ်းချမ်းရေးရဖို့အတွက်ကတော့ UNFC က ဘက်ပေါင်းစုံက ကြိုးစားနေတယ်ဆိုတာ ဒါတစ်ခု သတင်းစကားပါးဖို့ပဲ ရှိပါတယ်’’ ဟု UNFC ကောင်စီဝင်လည်းဖြစ်သူ နိုင် ရွှေသိန်းက ဆိုသည်။

DPN နှင့် တွေ့ဆုံမည့်ရက် ကို ညှိနှိုင်းနေကြောင်း၊ ဒီဇင်ဘာ ၈ ရက်ခန့်တွင် တွေ့ဆုံနိုင်ဖွယ်ရှိ ကြောင်း၊ ထိုင်းနိုင်ငံ ချင်းမိုင် (သို့မဟုတ်) ရန်ကုန်တွင် တွေ့ဆုံနိုင် မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)က နိုဝင်ဘာ ၂၅ ရက်တွင်ပြောသည်။ UNFC အဖွဲ့ဝင်များ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင် ရေးနှင့် ပတ်သက်၍ UNFC က အစိုးရထံသို့ အဆိုပြုချက် ရှစ်ချက်တင်ပြထားရာ ယင်းနှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်ဘက်က မူဝါဒ အပြောင်းအလဲမရှိပါက NCA တွင် ပါဝင်လက်မှတ် ရေးထိုးရေးမှာ အဖြေထွက်ရန် ခက်မည်ဟု UNFC တွဲဖက် ggအတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် သုံးကြိမ် တွေ့ဆုံထားပြီးဖြစ်သည်။ နိုင်ငံရေးဆွေးနွေးနိုင်ရန် NCA လမ်းကြောင်းအရ ဆောင်ရွက်ရမည်ကို လက်ခံသော်လည်း အဓိက အခက်အခဲဖြစ်နေသည့် အစုအဖွဲ့ အားလုံး ပါဝင်နိုင်ရေးကို အကျေအလည် ဆွေးနွေးညှိနှိုင်းနေရ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု DPN အဖွဲ့ ခေါင်းဆောင် ခူးဦးရယ်က ငြိမ်းချမ်းရေးကော်မရှင် နှင့် DPN တို့၏ နိုဝင်ဘာ ၁၀ ရက် ဆွေးနွေးပွဲအပြီးတွင်ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရာတွင် NCA လက်မှတ်မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ ပါဝင်လာရေးသည် စိန်ခေါ်မှုဖြစ်သည်ဟု ဒုတိယဗိုလ် ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က နိုဝင် ဘာ ၂၅ ရက်တွင် ရန်ကုန်၌ ကျင်း ပသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ပြောသည်။

‘‘အစတုန်းက လက်မှတ်မထိုးခင်တုန်းက လက်မှတ်မထိုးရသေးတဲ့ အကြောင်းရင်းက အားလုံးမပါဝင်လို့ ဆိုပါတယ်။ ချင်းမိုင်ကို သွားပြီးတော့ ဆွေးနွေးတဲ့အခါမှာတော့ ဒီအကြောင်းအရာ က သိပ်အရေးမကြီးတော့ပါဘူး။ NCA ကို ပြန်သုံးသပ်ချင်ပါတယ်။ မူဘောင်ကို ပြန်သုံးသပ်ချင်ပါတယ်၊ ဒီလိုဖြစ်လာပါတယ်။ ဒါနဲ့လည်း အဲဒီဘက်ကလမ်းကြောင်းကို ချဉ်းကပ်ပါတယ်’’ဟု DPN နှင့် ညှိနှိုင်းဆွေးနွေးမှု အခြေအနေကို ၎င်းကပြောသည်။ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် NCA ဆိုင်ရာကိစ္စ များနှင့်ပတ်သက်၍ NCA လက် မှတ်မရေးထိုး ရသေးသည့် အဖွဲ့ အစည်းများနှင့် စုဖွဲ့ထားသော UNFC အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ဆွေးနွေးရာ ခရီး ရောက်ခဲ့ကြောင်း၊ ထို့နောက် DPN က JMC (ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ)ကို ပိုမိုခိုင်မာအောင် လုပ်ချင်သည်ဟုဆိုကြောင်း၊ JMC ကို ခိုင်မာအောင် နည်းလမ်းများ ရှာဖွေခဲ့ကြောင်း၊ ယင်းအချိန်တွင် အားလုံးပါဝင် ရေးကို ပြန်လည်တောင်းဆိုလာ ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ရှင်းပြသည်။

‘‘ကျွန်တော်တို့ လက်မလျှော့သေးပါဘူး DPN နဲ့ စကားပြောနေပါတယ်’’ဟု ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ပြောကြားသည်။


Leave a Reply