အိန္ဒိယလူ့ဘောင်၌ ဒစ်ဂျစ်တယ်ငွေကြေးသုံးစွဲရန် ဝန်ကြီးချုပ် နရိန္ဒြာမိုဒီ တိုက်တွန်း

မိမိတို့နိုင်ငံတွင်းရှိ ကုန်သည်ငယ်များနှင့် နေ့စား ဝင်ငွေရရှိသူများ အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်ကို အသုံးပြုကြရန် အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

new-picture

အိန္ဒိယနိုင်ငံ၌ တန်ဖိုးမြင့် ငွေစက္ကူ များဖြစ်သော ရူပီး ၅ဝဝ တန်နှင့် ရူပီး ၁ဝဝဝ တန်ငွေစက္ကူများ သုံးစွဲခွင့်ကို အစိုးရက ပိတ်ပင်ခဲ့ပြီးနောက် လူထုအတွင်း ငွေကြေးလှည့်ပတ်မှုတွင် ပြဿနာများ ဖြစ်ပေါ်ခဲ့ရပြီးနောက် ဝန်ကြီးချုပ် မိုဒီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

တန်ဖိုးကြီး ငွေစက္ကူနှစ်မျိုးကို သုံးစွဲခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် ပြည်သူသန်းပေါင်းများစွာ ထိခိုက်မှုရှိခဲ့သည်ဟု ဝန်ကြီးချုပ်မိုဒီက ရေဒီယိုမှတစ်ဆင့် လစဉ်ပြောကြား သည့် မိန့်ခွန်းတွင် ဖော်ပြသည်။

သို့ရာတွင် တန်ဖိုးကြီး ငွေစက္ကူများ သုံးစွဲခွင့်ပိတ်ပင်ရခြင်းနှင့် ပတ်သက်၍ ၎င်းက ကာကွယ်ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက်က တန်ဖိုးကြီးငွေ စက္ကူများ သုံးစွဲခွင့်ကို အစိုးရက ပိတ်ပင်ခဲ့ရခြင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်နိုင်ရန် လည်းကောင်း၊ တရားဝင်စာရင်း မပြနိုင်သည့် ဥစ္စာဓနရှိသူများကို အရေးယူနိုင်ရန်လည်းကောင်း၊ ငွေစက္ကူအတုအပ ပြုလုပ်သူများကို နှိမ်နင်းနိုင်ရန် လည်းကောင်း ရည်ရွယ်ကြောင်း မိုဒီက ပြောကြားသည်။

ငွေသားငွေစက္ကူ ကိုင်ဆောင်သုံးစွဲ ခြင်းထက် မိုဘိုင်းဘဏ် ငွေကြေးပေး ချေမှုစနစ်နှင့် အကြွေးဝယ်ခွင့် ကတ်ပြားစနစ်တို့ကို သုံးစွဲကြရန် မိုဒီက တိုက်တွန်းသည်။

လူ့အဖွဲ့အစည်းအတွင်း ငွေစက္ကူ သုံးစွဲမှု မရှိအောင် ရာခိုင်နှုန်းပြည့် လုပ်ဆောင်နိုင်မည် မဟုတ်သော်လည်း ငွေစက္ကူဖြင့် ငွေပေးငွေယူ ပြုလုပ်နေမှုကို လျှော့ချနိုင်သမျှ လျှော့ချနိုင်စေရန် ဦးတည်ကြောင်း မိုဒီက ပြောကြားသည်။

(ရိုက်တာ)


Leave a Reply