ဘာသာရေးကို အခြေခံ၍ ဆိုက်ဘာတိုက်ခိုက်မှုများဖြစ်ပွား အစိုးရ၀န်ကြီးဌာနနှင့် စီးပွားရေးလုပ်ငန်းဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံခဲ့ရ

နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းကစတင်၍ ဘာသာရေးအပေါ်အခြေခံပြီး အင်တာနက်ပေါ်၌ အပြန်အလှန် ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရ၀န်ကြီးဌာန ၀က်ဘ်ဆိုက်များ အပါအ၀င် စီးပွားရေး လုပ်ငန်းကြီးများ၏ ၀က်ဘ်ဆိုက်များ တိုက်ခိုက်ခံခဲ့ရကြောင်း   သတင်းရရှိသည်။

‘‘ဘယ်က တိုက်ပါတယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ လင့်ခ်တွေက နေရာစုံကလာနေကြတာပါ။ တိုက်ခိုက်လို့ ဘာတွေ ထိခိုက်သွားလဲမေးရင် အရင်ဆုံး ဂုဏ်သိက္ခာကို ထိခိုက်ပါတယ်။ ဒီနိုင်ငံ မှာက အစိုးရအချင်းချင်း၊ စီးပွားရေးလုပ်ငန်းနဲ့ အစိုးရအကြား ချိတ်ဆက်ဝန်ဆောင်မှု ဒါတွေမရှိသေးတော့ အရမ်းကြီးတော့ မထိခိုက်သေးပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက် တွေ၊ မေးလ်တွေကနေပြီးတော့ မကောင်းတဲ့နေရာမှာ အသုံးချမှာ စိုးရိမ်ရပါတယ်’’ ဟု နည်းပညာလုံခြုံရေး ကျွမ်းကျင်သူ ဦးရဲကျော်သိန်းက ပြောသည်။

လက်ရှိအချိန်၌ .gov.mm၊ .com.mm အစရှိသည့် မြန်မာနိုင်ငံမှ ၀က်ဘ်ဆိုက် ၁၀ ခုခန့် ဆုံးရှုံးပြီး တိုက်ခိုက်မှုကို အင်ဒိုနီးရှားနိုင်ငံဘက်က စတင်ခဲ့သည်ဟု မြန်မာဟက်ကာ အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

‘‘Op Myanmar ဆိုပြီးတော့  ၂၄ ရက်နေ့လောက်မှာ အင်ဒိုဘက်နေ Ddos Attack ကိုစလုပ်ခဲ့တာပါ။ ဆိုက်တချို့ ဆိုရင် Deface လုပ်ခံရပါတယ်’’ ဟု Myanmar Black Hacking အဖွဲ့က ပြန်လည်ဖြေကြားသည်။

စတင် Defece လုပ်ခံရသည့် http://uph-myanmar.gov.mm/ ၀က်ဘ်ဆိုက်နှင့် http:// www.aec.com.mm/  ၀က်ဘ်ဆိုက်နှစ်ခုကို လက်ရှိအချိန်၌ ပြန်လည်ဆယ်ယူနိုင်သော်လည်း အပြည့်အ၀တိုက်ခိုက်ခံရမှု ကင်းရှင်းသည့် အခြေအနေတွင် မရှိပေ။

‘‘Ddos အနေနဲ့ သမ္မတရုံးဆိုက်နဲ့ mofa.gov.mm ကို အဓိကထား တိုက်နေတာတွေ့ရတယ်။ သမ္မတရုံးဆိုက်က ဟက်ခံရတာမျိုးမဟုတ်ဘဲ ဆာဗာက ခဏခဏကျသွားတဲ့သဘောပါ။ ကျွန်တော်တို့လည်း အကုန်မသိရသေးဘူး။ မြန်မာဘက်က လူငယ်တွေအနေနဲ့လည်း အင်ဒိုဘက်ကို ပြန်ပြီးတော့တိုက်တာတော့ရှိတာပေါ့’’ ဟု Myanmar Black Hacking အဖွဲ့က ပြောသည်။

လက်ရှိ အပြန်အလှန် ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်၍  Myanmar Computer Emerg-ency Response Team သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း နေပြည်တော်ရှိ သက်ဆိုင်ရာဌာနသို့သာ ဆက်သွယ်မေးမြန်းရန် ညွန်းဆိုခဲ့သည်။ မြန်မာနိုင်ငံမှ တိုက်ခိုက်ခံခဲ့ရသည့် ၀က်ဘ်ဆိုက်များတွင် ဘာသာရေးဆိုင်ရာ ရေးသားဖော်ပြမှု များရှိခဲ့သည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံတစ်ခုတို့သည် ၂၀၁၃ က ယခုကဲ့သို့ အပြန်အလှန် ဆိုက်ဘာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

# 7 Day Daily


Leave a Reply