အကျပ်အတည်းများကြောင့် ကာလုံအမြန်ခေါ်ယူပေးရန် ပြည်ခိုင်ဖြိုးအပါအ၀င် ပါတီ ၁၃ ခု တောင်းဆို

kl

နေပြည်တော်- နိုင်ငံတော်တွင် ရင်ဆိုင်နေရသော လုံခြုံရေး၊ စီးပွားရေးအကျပ်အတည်းများနှင့် ပြည်တွင်း၊ ပြည်ပအကြမ်းဖက် အန္တရာယ်များကို ဟန့်တားနိုင်ရေးအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအမြန်ဆုံးခေါ်ယူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၃ ခုက သဘောထား ကြေညာချက် ထုတ်ပြန်သည်။

နိုင်ငံတော်တွင် လတ်တ လောဖြစ်ပေါ်နေသော အထွေ ထွေအကျပ်အတည်းများအပေါ် ကိုင်တွယ်ဖြေရှင်းရန်နှင့်   ပတ်သက်ပြီး ပူးတွဲသဘောထားကြေ  ညာချက်တစ်စောင်ကို နိုင်ငံရေး ပါတီ ၁၃ ခုက နိုဝင်ဘာ ၂၈ ရက်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်၌ ပိုင်နက်နယ်မြေဆုံးရှုံးမည့် အလားအလာများကို ရင်ဆိုင်နေရပြီး အရှေ့မြောက်ဒေသတွင် စစ်ပွဲကို အကြောင်းပြ၍ အပြစ်မဲ့ပြည်သူများ၏အသက် အိုးအိမ်နှင့် ဥစ္စာစည်းစိမ်များဖျက် ဆီးခံနေရသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်မြို့တော်အတွင်း ပေါက်ကွဲမှုဖြစ်ရပ်များအပါ အဝင် နိုင်ငံအနှံ့ တိုးပွားလာသော ရာဇဝတ်မှုများ၊ တစ်နေ့တခြား ကျပ်တည်းလာသော စီးပွားရေး ပြဿနာများ၊ တည်ဆောက် လက်စငြိမ်းချမ်းရေးဖြစ်စဉ်၏မျှော်လင့် ချက်များ မှေးမှိန်လာခြင်းတို့မှာ နိုင်ငံတော်၏အထွေထွေအကျပ် အတည်းများဖြစ်သည်ဟု ဆိုသည်။ ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံ ရေးပါတီ ၁၃ ပါတီတို့က နိုင်ငံ တော်အပေါ် ကျရောက်နေသော အထွေထွေအကျပ်အတည်းများ ကို ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်း ချက်နှင့်အညီ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ အမြန်ဆုံးခေါ်ယူပေးရန် ကြေ ညာချက်တွင်    တောင်းဆိုထားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများကို နှစ်ပတ်လျှင် တစ်ကြိမ်အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင် စီအစည်းအဝေး ခေါ်ယူကာ ဆွေး နွေးလေ့ရှိသည်ကို သိရကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် ယင်းအစည်းအဝေးခေါ်ယူသည် ကို မကြားမိကြောင်း၊ တိုင်းပြည် ရေးရာကိစ္စရပ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်ရမည်ဟု နိုင်ငံရေးပါတီ ၁၃ ပါတီ တွင် ပါဝင်သော အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ(NDF)မှ အ ထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က ဆိုသည်။

‘‘သူတို့အခြေခံဥပဒေကို ပြင်နိုင်ရင်လည်းပြင်ပေါ့ဗျ။ မပြင်နိုင်ရင်လည်း လက်ရှိအခြေခံဥပဒေ အရ ကာလုံ အစည်းအဝေးကျင်းပပြီးတော့ ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်တိုင် ပင်ပင်ဆောင်ရွက်ကြဖို့ တောင်း ဆိုတာပါ’’ဟု ၎င်းက ပြောသည်။ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက နိုင်ငံတွင်ကြုံတွေ့နေရသည့် လက်ရှိအခြေ အနေအပေါ် မူတည်ပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး ခေါ်ယူပေးရန် တောင်းဆို နေမှု သည် သဘာဝမကျကြောင်း ဆိုသည်။

‘‘အခုအခြေအနေကို ကာလုံ(အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)ခေါ်ဖို့ တောင်းဆိုတာ သဘာဝမကျဘူး။ အဓိကက အစိုးရခေါင်းဆောင်ရယ်၊ တပ်ရယ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ တွေ့ရမယ်။ ပြီးတော့ အစိုးရက ပညာရှင်တွေရဲ့ အသံကို များများနားထောင်ရမယ်။ အဲဒါဆို တော်တော်ကို အဆင်ပြေနေပြီ’’ဟု ဒေါက်တာရန် မျိုးသိမ်း က ဆိုသည်။

ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်အချို့က လက်ရှိ နိုင်ငံကြုံတွေ့နေရသော အခြေအနေကို အစိုးရအနေဖြင့် အကောင်းဆုံးအနေအထားဖြစ်အောင် ကြိုးစားပေးနေကြောင်း၊ ခေတ်အဆက်ဆက် မဖြေရှင်းနိုင်ခဲ့သော ရခိုင် ပြည်နယ်အရေးကို ဖြေရှင်းပေးနိုင်ရန် အစိုးရက လုံးပန်းနေကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း တိုင်းရင်းသား လက်နက်ကိုင် များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ စီးပွားရေးတိုးတက်စေရန် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု လွတ်မြောက်အောင် ကြိုးပမ်းခဲ့ပြီး နိုင်ငံတကာ၏ရင်းနှီးမြှုပ်နှံမှု များရရှိအောင် ဆောင်ရွက်နေ ကြောင်း ဆိုသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပေးရန် တိုက်တွန်းသော ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါ တီတို့ဖြစ်ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ ဝင် ၁၁ ဦးပါရှိကာ နိုင်ငံတော်သမ္မ တ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ် ရေးရာ ဝန်ကြီးတို့ ပါ ဝင်ကြသည်။

အောက်တိုဘာ ၁၄ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် အထူးအစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့သည်။ အဆို ပါအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေး ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးတို့ ပါဝင်ခဲ့ကြသည်။


Leave a Reply