ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာပါတီ၏ ထောက်ခံချက်လိုအပ်
ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာတွင် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သက်ဆိုင်ရာ ပါတီ ဌာနချုပ်၏ ထောက်ခံချက်ကိုပါ ပူးတွဲတင်ပြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။
ပါတီထောက်ခံချက်ကို တောင်းခံရခြင်းသည် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် လျင်မြန်စေရေး ရည်ရွယ် ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
‘‘အခုလိုထုတ်ပြန်တာက တချို့ပါတီတွေက ကိုယ်စားလှယ်လောင်းတင်လာရင် တစ်နေရာတည်းမှာတင် တစ်ဦးထက်ပိုနေတယ်။ ဗဟိုကရွေးတာက တစ်ယောက်၊ မြို့နယ်က တင်လာတာကတစ်ယောက် အဲဒီလိုဖြစ်နေတော့ ဘယ်သူက ပါတီကအသိအမှတ်ပြုတာလဲမသိဘူးပေါ့။ ပါတီထောက်ခံချက်သာပါလာရင်၊ အဲဒီလိုမျိုးဖြစ်နေရင် စိစစ်ရတာ လွယ်သွားတာပေါ့’’ ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။
နိုဝင်ဘာ ၂၃ ရက်စွဲဖြင့်ထုတ်ပြန်သော ယင်းထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အမည် စာရင်းတင်သွင်းလွှာ တင်သွင်းသည့်အခါ၌ သက်ဆိုင်ရာပါတီဌာနချုပ်မှ တာဝန်ခံ၍ မိမိပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ထောက်ခံချက် ပါရှိပါက ပါတီတစ်ခုတည်းမှ ကိုယ်စားလှယ်လောင်းတစ်ဦးထက်ပိုခြင်းရှိ၊ မရှိကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ လွယ်ကူလျင်မြန်စွာ စိစစ်နိုင်မည်ဟုပါရှိသည်။
လာမည့် ၂၀၁၇ ဧပြီလ ၁ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ခုနစ်ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည်။
၂၀၁၇ ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိကာ လစ်လပ် မဲဆန္ဒနယ်များရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတို့မှ မြို့နယ် ၂၁ မြို့နယ်တို့၌ ကျင်းပမည်ဖြစ်သည်။
# 7 Day Daily