ကန့်ဘလူပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းလိုအပ်ချက်များညှိနှိုင်း

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းစိန်၊ အတွင်းရေးမှူး ဦးမင်းဇော်နှင့် အလုပ်အမှုဆောင်များသည် ယခုလ (၂၅) ရက် နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပင့်သာတိုက်နယ်၊ မြေထူးတိုက် နယ်အတွင်းရှိ စည်းရုံးရေးမှူးများ၊ ကျေးရွာခွဲများမှ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ မြို့နယ်ကော် မတီဝင်၊ အရန်ကော်မတီဝင်များ တွေ့ဆုံခဲ့ရာ အင်အား ၆ဝ တက်ရောက်ပြီး လုပ်ငန်းလိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းစိန်က တွေ့ဆုံရခြင်းရည်ရွယ်ချက်နှင့် ပါတီဝင်များ အနေဖြင့် မိမိတို့ကျေးရွာများ၌ သာရေးနာရေးလုပ်ငန်းများ၊ ပါတီအကျိုးပြုလုပ်ငန်းများအား ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပါတီဝင်အင်အားစိစစ်ခြင်း၊ ရေးရာအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း ပြုလုပ်ရန်နှင့် ဗဟိုပါတီဥက္ကဋ္ဌ ပြောကြားထားသည့် သဘာဝဘေးဒဏ်ခံရပါက အထက်အမိန့် စောင့်ဆိုင်းမနေဘဲ မိမိတို့ဒေသမှာရှိတဲ့ ပါတီဝင်များက ဒေသခံများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဝိုင်းဝန်း ဆောင်ရွက်ကြရန်၊ ရေးရာအဖွဲ့ အစည်းများ ဖွဲ့စည်းရာတွင် လူငယ်ရေးရာအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ တောင်သူလယ်သမား ရေးရာအဖွဲ့များ ဖွဲ့စည်းပြီး ဒီဇင်ဘာ (၁ဝ) ရက်အရောက် ပေးပို့ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အတွင်းရေးမှူး ဦးမင်းဇော်က ပါတီဝင်များအနေဖြင့် မိမိတို့ဒေသ၊ မိမိတို့ရပ်ရွာ လုပ်ငန်းများလုပ်ဆောင်ရာတွင် ရှေ့တန်းမှပါဝင်ရေး၊ လုပ်ငန်းလုပ်သောသူသည် အလိုလို နေရာရလာမည်ဖြစ်၍ သူ့အလုပ်ကိုယ့်အလုပ် ခွဲခြားမနေဘဲ လုပ်ဆောင်ကြရန်မှာ ကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစိုးအေး၊ အတွင်းရေးမှူး ဦးမြမျိုးညွန့်နှင့် ခရိုင်ကော်မတီဝင် ဦးသက်အောင်ဇော်တို့တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)


Leave a Reply