မြန်မာနိုင်ငံဒေသအားလုံးတွင် ခရမ်းလွန်ရောင်ခြည် အလွန်မြင့်မားနေ

မြန်မာနိုင်ငံ ဒေသအားလုံးတွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများ မဖြစ်ပွား စေရန် ကြိုတင်ကာကွယ်သင့်ကြောင်း ဒေါက်တာ ထွန်းလွင် က သတိပေးသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် တောင်ပိုင်းဒေသများတွင် နိုဝင်ဘာကစတင်၍ ခရမ်းလွန်ရောင်ခြည် မြင့်မားအဆင့်ကို ရောက်နေသော်လည်း နိုဝင်ဘာ ဒုတိယပတ် ကစတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင် အလွန်မြင့်မား (Very High) အဆင့်မြင့်သည့် ညွှန်ကိန်း ၁၀ ဒသမ ၉ ရောက်ရှိလာမည်ဖြစ်ခြင်းကြောင့် ၎င်းက သတိပေး ထားသည်။

‘‘တစ်ပြည်လုံးမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အလွန်မြင့်မားအဆင့် ရောက်လာတယ်။ ဒါက လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်’’ ဟု ဒေါက်တာထွန်းလွင်က အကြံပြုပြောကြားသည်။

အားကောင်းသည့် ခရမ်းလွန်ရောင်ခြည်သည် လူ့ကိုယ်ခန္ဓာနှင့် တိုက်ရိုက်ထိတွေ့ပါက အသားနေလောင်ခြင်း၊ အရေပြားကင်ဆာနှင့် မျက်စိဆိုင်ရာရောဂါများ ဖြစ်ပွားစေ တတ်ခြင်းနှင့် အခြေအနေဆိုးရွားပါက အိမ်ထောင်သည် များ သားသမီးမထွန်းကားသည်အထိ သက်ရောက်မှုရှိကြောင်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ရဲနောင် က ပြောသည်။

ခရမ်းလွန်ရောင်ခြည် ကျရောက်မှုသည် နံနက် ၁၁ နာရီခန့်မှ နေ့လယ် ၂ နာရီခန့်အထိ အားအကောင်းဆုံး ဖြစ်သောကြောင့် ယင်းအချိန် နေပူထဲသွားလာမှုကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ကြောင်း ၎င်းကအကြံပြုသည်။

‘‘အကယ်၍ မတတ်သာလို့ အပြင်သွားရမယ်ဆိုရင် အပူဒဏ်ကာကွယ်နိုင်တဲ့ အ၀တ်အစားတွေ ၀တ်သင့်တယ်။ တကယ့်ကို သတိထားရမှာတော့ နေပူထဲလုပ်ရမယ့် အလုပ်သမားတွေ၊သူတို့တွေကို ကျန်းမာရေးသတိပေးတာမျိုး တိုက်တိုက်တွန်းတွန်းလုပ်ပေးသင့်တယ်’’ဟု ဒေါက်တာရဲနောင်ကပြောသည်။

# 7 Day Daily


Leave a Reply