ပြည်ခိုင်ဖြိုးပါတီကဦးဆောင်ကျင်းပသော မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြားသည့် အဖွင့်နှုတ်ခွန်းဆက်အမှာစကား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ (၁၉) ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်ခန်းမဆောင်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌဦးသန်းဌေးပြောကြားသည့် အဖွင့်နှုတ်ခွန်းဆက်အမှာစကားအား ဖော်ပြအပ်ပါသည်-

15129519_456294354545697_7211441373722371972_o

အားလုံးမင်္ဂလာပါခင်ဗျာ –
ယနေ့ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာဆွေးနွေးပွဲသို့ ကြွရောက်ချီးမြှင့်ပေးပါသော သဘာပတိ ကြီးနှင့်တကွ ဦးဆောင်ဆွေးနွေးမယ့်ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ တက်ရောက်သူများ၊ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့် စီးပွားရေး နယ်ပယ်မှပုဂ္ဂိုလ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီ ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ၊ စာနယ်ဇင်းများမှ ပုဂ္ဂိုလ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ပြည့်စုံပါစေကြောင်း ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ယခင်လွှတ်တော် သက်တမ်း တုန်းက အစိုးရအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံတော်ကာကွယ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုရေးစသဖြင့် နိုင်ငံ့အရေးအရာအားလုံးကို တာဝန်ယူဆောင်ရွက်ခဲ့သလို ယခုအချိန်မှာလည်း လက်ရှိ တာဝန်ရှိနေတဲ့ အစိုးရရဲ့ အထက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှု၊ အခြေအနေ များကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ထောက်ပြထိန်းညှိပေးခြင်းဆိုတဲ့ တာဝန်များကို ထမ်းဆောင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံတော်ကို တာဝန်ယူရတဲ့ အစိုးရတစ်ရပ်မှာ လုပ်ကိုင်ဆောင်ရွက်စရာလုပ်ငန်းတွေ အလွန်မှ များပြားသလို ဒီလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဖို့အတွက် ခိုင်မာတဲ့မူဝါဒနဲ့ အစီအမံကောင်းများဖြင့် ဆောင်ရွက်ခြင်း၊ အရည်အချင်းပြည့်ဝတဲ့ လူပုဂ္ဂိုလ်များနှင့်သာ ဖွဲ့စည်း အကောင် အထည်ဖော်ခြင်းဆိုတာ မရှိမဖြစ် လိုအပ်ချက်ကြီးများ ဖြစ်တယ်လို့လဲ ရှုမြင်ပါတယ်။ ဒီရှုမြင်ချက်ကို အခြေခံပြီး တိုင်းပြည်တစ်ခုရဲ့မြောက်မြားလှစွာသော အရေးအရာများထဲက ဒီကနေ့ ကျွန်တော်တို့ ဦးတည် ဆွေးနွေးမယ့် အကြောင်းအရာကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ဖြစ်ပါတယ်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကာလမှာ မဲပေးခဲ့ကြတဲ့ ပြည်သူများရဲ့ အကြီးမားဆုံးနဲ့ အဓိကအကျဆုံး မျှော်လင့်ချက်က ဒီမိုကရေစီအခွင့်အရေး အပြည့်အဝပေးနိုင်ပြီး စီးပွားရေးအခြေအနေ ပိုမိုချောင်လည် ကောင်းမွန်တဲ့ အုပ်ချုပ်မှု တစ်ရပ်ကို မျှော်လင့်ခဲ့ကြတဲ့အတွက် အပြောင်းအလဲကို မဲပေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အစိုးရအပြောင်း အလဲဖြစ်ပြီး ရှစ်လနီးပါးကြာလာတဲ့ ခုချိန်မှာတော့ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ဘယ်လိုရှိသလဲဆိုတာကို လုပ်ငန်းများ လည်ပတ်နိုင်မှု၊ ကုန်ဈေးနှုန်းများနဲ့ လက်တွေ့ စားဝတ်နေရေး အဆင်ပြေခြင်း၊ မပြေခြင်းတို့က ဖော်ပြနေပြီဖြစ်သလို နိုင်ငံတော်ကို တာဝန်ယူထားတဲ့ ပါတီနဲ့ အစိုးရအဖွဲ့အတွင်းမှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ ကိုယ်တိုင်က စီးပွားရေးကို တိုးတက်အောင် မစွမ်းဆောင် နိုင်သေးဘူးဆိုတာကိုလည်း လူသိရှင်ကြား ဖွင့်ဟဝန်ခံ ထားပြီဖြစ်ပါတယ်။

ဒီနေရာမှာ စိုးရိမ်စရာကောင်းတာက စီးပွားရေးကျပ်တည်းမှုကို အကြောင်းပြုပြီး ရုတ်ခြည်း တိုးတက်များပြား လာတဲ့ ရာဇဝတ်မှုများဖြစ်ပါတယ်။ စီးပွားရေးမကောင်းခြင်းရဲ့အကျိုးဆက်အဖြစ် တည်ငြိမ် အေးချမ်းရေးနဲ့ တရား ဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာတဲ့အနေအထားဖြစ်လာပါတယ်။ ဒီလိုအနေအထားမှာ အမျိုးသားရေး ကိုဦးထိပ်ထားတဲ့ ပါတီကြီးတစ်ရပ်အနေနဲ့ ပြည်သူ့ဘဝလုံခြုံရေး၊ ပြည်သူတို့ရဲ့ စားဝတ်နေရေးနဲ့ စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုရှေးရှုပြီး ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လေ့လာသုံးသပ် ဆွေးနွေး အဖြေရှာကြ မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်များ အနေနဲ့

(က) လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုပြဿနာများအားကျော်လွှား၍ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်၊

(ခ)   ပြည်သူပြည်သားများခံစားနေ ရသော လူမှုစီးပွားအကျပ် အတည်းများ လျော့ပါးစေရန်၊

(ဂ)   ပါတီ၏ စီးပွားရေးဆိုင်ရာ မူဝါဒအဖြစ်ခိုင်ခိုင်မာမာချမှတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါတယ်။

သဘာပတိကြီးများအပါအဝင် ဦးဆောင်ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်အများစုဟာ စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်နှင့် ပတ်သက်လို့ မေခရိုရော မိုက်ခရိုစီးပွား ရေးနယ်ပယ်မှာပါ ကျွမ်းကျင်နှံ့စပ်ကြသူ များဖြစ်ပြီး ယနေ့ခေတ် အခြေအနေကဲ့သို့ မဟုတ်ဘဲ မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး အပါအဝင် ဘက်ပေါင်းစုံမှ ပြင်းပြင်း ထန်ထန်ပိတ်ဆို့အရေးယူခြင်းခံနေရတဲ့ ကာလမျိုးမှာပင်လျှင် နိုင်ငံစီးပွားရေးကို တည်ငြိမ်အောင်၊တိုးတက်အောင်၊ ပြည်သူများ နေ့စဉ်ရင်ဆိုင်နေရတဲ့ အထွေထွေ ကုန်စည်ဈေးနှုန်းများ တည်ငြိမ်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြတဲ့ ပဲ့ကိုင်ရှင် ဝန်ကြီး၊ ဒုဝန်ကြီး အငြိမ်းစားများနှင့် ဘာသာရပ်၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူပုဂ္ဂိုလ်ကြီးများက ဆွေးနွေးသုံးသပ်ကြမှာ ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်များဟာ အစိုးရတာဝန်ယူခဲ့စဉ်ကာလအတွင်း နိုင်ငံရဲ့စီးပွားရေးကို မူဝါဒတိတိကျကျနဲ့ နှစ်တို နှစ်ရှည် စီမံ ကိန်းများချမှတ်ခဲ့ပြီး လတ်တလောဖြေ ရှင်းရမယ့်ကိစ္စများကိုလည်း ချက်ချင်း ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ အတွက် ဝန်ထမ်းများရဲ့ လစာ၊ အငြိမ်းစားများရဲ့ ပင်စင်၊ ပုဂ္ဂလိက အလုပ်သမားများရဲ့ အနိမ့်ဆုံး လုပ်ခ ကြေးငွေများ စသည်တို့ကို ဥပဒေနဲ့အညီ သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ထဲမှာပဲ ကုန်ဈေး နှုန်းများတည်ငြိမ်စေရေးကို မျက်ခြည်မပြတ် ထိန်းကျောင်းပေးခဲ့သလို ဒေါ်လာ ဈေးနှုန်းရှင် သတ်မှတ်ခြင်းကဲ့သို့ စွန့်စားမှု အလွန်ကြီးမားသော လုပ်ဆောင်ချက်မျိုးကိုလည်း ရဲရဲတင်းတင်း တွက်ချက် စွန့်စားလုပ်ဆောင်ခဲ့ကြသူများဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက်များ အပါအဝင် အခြားကြိုးပမ်းဆောင်ရွက်မှုများ ကြောင့် ထိုက်သင့်တဲ့ ချောင်လည်မှု၊ ဆက်သွယ်သွားလာရေးကောင်း မွန်မှု၊ တည်ငြိမ်အေးချမ်းမှုတို့ကို ပြည်သူအားလုံး ခံစားခဲ့ကြရပါပြီ။

မိမိတို့ရဲ့ ဆောင်ရွက်မှုများကိုလည်း ”ငါးနှစ်တာကာလအတွင်း ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်း လုပ်ဆောင်ချက်များနှင့် တိုး တက်ဆောင်ရွက်နိုင်ခဲ့မှု မှတ်တမ်းများ”အဖြစ် ပေထက်အက္ခရာတင်ခဲ့ တဲ့အပြင် နောက်တက်လာတဲ့ အစိုးရအတွက်လည်း ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်များနဲ့ သုံးစွဲရမယ့်ငွေကြေးနဲ့တကွ စနစ်တကျတာဝန်လွှဲ ပြောင်းပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်ကြီးများရဲ့ မတည်ဆွေးနွေးမှုများနဲ့ ယခုတက်ရောက်လာ သူများရဲ့ စိတ်ပါဝင်စားစွာ ပူးပေါင်း ဆွေးနွေးမှုများ ပေါင်းစပ်လိုက်ရင် လက်ရှိအခြေအနေအပေါ်ကနေပြီး တိုင်းပြည်အတွက် အကျိုးရှိမယ့် သုံးသပ်ချက်၊ ဖော်ထုတ်ချက်ကောင်းများရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရိုးခံစေတနာအတိုင်း တင်ပြရရင် ယခုဆွေးနွေး ဖော်ထုတ်ချက်များဟာ ပြည်သူလူထုခံစားနေရသော စီးပွားရေးကျပ်တည်းမှု များကို ဖြေလျှော့ကယ်တင်နိုင်ရန်အတွက်လည်းကောင်း၊ အစိုးရအနေနဲ့လည်း ဒီဆွေးနွေးပွဲမှ ပေါ်ပေါက် လာတဲ့ သုံးသပ်ချက်၊ တွေ့ရှိချက်များကို အသုံးပြုလိုက အသုံးပြု၍ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင် ရေးကို ဆောင်ရွက်နိုင်စေရန်လည်းကောင်း ရည်ရွယ်ခြင်းဖြစ် ပါကြောင်း တင်ပြအပ်ပါတယ်။

ပုထုဇဉ် လူသာမန်မျှသာဖြစ်သော လူများ၊ ယင်းသို့သောလူများနဲ့ ဖွဲ့စည်းထားသော အဖွဲ့အစည်းများရဲ့ စဉ်းစားချက်များမှာ တွေးသမျှမှန်တယ်၊ လုပ်သမျှမှန်တယ်ဆိုတာ ဘယ်လိုမှ သဘာဝမကျသလို ဖြစ်လည်း မဖြစ်နိုင်တဲ့အတွက် စဉ်းစားချက်၊ လုပ်ဆောင်ချက်များ တိမ်းပါးနေခြင်း၊ အမှတ်မဲ့ဖြစ်ခြင်း၊ ဂရုမထားမိခြင်း တို့ရှိနိုင်ပါတယ်။ သို့သော် ဒီအမှတ်တမဲ့ ဖြစ်စဉ်ဖြစ်ရပ်များရဲ့ အကျိုးဆက်က ပြည်သူများအတွက် ရလဒ် ဆိုးတွေ ထွက်မလာဖို့ သတိထား ကာကွယ်ဖို့တော့ လိုပါတယ်။

နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံးနဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စကြီးများကို ဆွေးနွေးမယ်၊ သုံးသပ်မယ်၊ စီမံမယ် ဆိုရင် ပြည်တွင်းက အရှိတရားများ၊ ပကတိအခြေအနေများကို အခြေခံစဉ်းစားမှသာ အမှန်တရားနဲ့ နီးစပ်မှာ ဖြစ်ကြောင်း တစ်လက်စတည်း တင်ပြလိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းကပြောမှ မှန်တယ်၊ နိုင်ငံခြားကလာလုပ်ပေးမှ ကောင်းတယ်ဆိုတဲ့ အယူအစွဲများ ဟာလည်း တိုင်းပြည်တည်ဆောက်ရေးမှာ အမြဲတမ်း အလုပ်မဖြစ်ကြောင်း သမိုင်းသင်ခန်းစာများရှိ ထားတာ ကိုလည်း သတိပြုကြစေလိုပါတယ်။

ဒါကြောင့် ယခုဆွေးနွေး ပွဲသို့တက်ရောက်လာကြသောအဖွဲ့အစည်းအသီးသီး၊ ပုဂ္ဂိုလ်အသီးသီးက ပြည်သူများရဲ့အကျိုးကိုရှေးရှုပြီး ပြည်တွင်းက ပကတိအခြေအနေ မှန်များကိုအခြေခံ၍ နိုင်ငံတကာအမြင်၊ ပညာရပ်ဆိုင်ရာအမြင်များနဲ့ ဝိုင်းဝန်းဆွေးနွေးပေးကြခြင်းဖြင့် ပိုမိုကောင်းမွန်သော လူမှုစီးပွားပတ် ဝန်းကျင်ကို ဖန်တီးပေးကြဖို့ အလေးအနက်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။


Leave a Reply