‎ချောင်းရေကြီးရေလျှံမှုဒဏ်ခံစားခဲ့ရသော အိမ်ထောင်စုများအား လယ်ဝေးပြည်ခိုင်ဖြိုးပါတီထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ်အတွင်းတွင် ယခုလ ၁ဝ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်အချို့ ချောင်းရေ အတွင်း မျောပါပျက်စီးခြင်း၊ ကမ်းပါးပြို ကျမှုအန္တရာယ်ကြောင့် နေအိမ်များဖျက်သိမ်းပြောင်းရွှေ့ရခြင်း၊ စပါးနှင့်သီးနှံစိုက်ခင်းများပျက်စီးခြင်း၊ လူနှင့်ခိုင်းနွား များ ချောင်းရေအတွင်း မျောပါသေဆုံးခြင်းများဖြစ်ပေါ်ခဲ့ရာ လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စုကော်မတီများနှင့် ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး လုပ်ငန်းများတွင်ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။

l-way

မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကိုကို နှင့် မြို့နယ်ပါတီကော်မတီဝင်များ ဥသျှစ် လှိုင်းကျေးရွာအုပ်စု၊ ကျောက်မီးကူးကျေးရွာသို့ ယခုလ (၁၉) ရက် နံနက် (၁ဝ) နာရီက သွားရောက်၍ ချောင်းရေ အတွင်း မျောပါသေဆုံးခဲ့သော ဦးဝင်းကြည်၏ မိသားစုနှင့်ချောင်း ရေအတွင်း နေအိမ်မျောပါသွားသော အိမ်ထောင်စုများအား ငွေကျပ် ၃ဝဝဝဝ စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်။

မြို့နယ်ကော်မတီဝင်များသည် သစ်ပုတ်ပင်ကျေးရွာအုပ်စု၊ သစ်ပုတ်ပင်ကျေးရွာ၊ (၄)ရပ်ကွက်သို့ သွားရောက်ကာ ချောင်းရေအတွင်း နေအိမ်များ မျောပါပျက်စီးခဲ့သော အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့ငွေကျပ် ၃ဝဝဝဝ စီနှင့် ရွှေ့ပြောင်းအိမ်ထောင်စု သုံးစုအတွက် ထောက်ပံ့ငွေကျပ် ၁ဝဝဝဝ စီ ပေးအပ်ခဲ့ကြောင်း သိရသည်။

သုခအောင်(နေပြည်တော်)


Leave a Reply