ထရမ့်ကို မဝေဖန်မီ အချိန်ပေး စောင့်ကြည့်သင့်ဟု အိုဘားမားထောက်ခံ

အမေရိကန်သမ္မတသစ် ဖြစ်လာမည့် ဒေါ်နယ်လ်ထရမ့်ကို အချိန်ပေးစောင့်ကြည့်သင့်ကြောင်း လက်ရှိသမ္မတ ဘာရတ် အိုဘားမားက ထောက်ခံ ပြောကြားခဲ့သည်။

new-picture

အိုဘားမားသည် ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် ထရမ့်ကို ဆန့်ကျင်ကာ ဒီမိုကရက်ပါတီ ကိုယ်စားပြု ဟီလာရီ ကလင်တန် ဘက်မှ ကူညီမဲဆွယ်ခဲ့သူ ဖြစ်သည်။ ထရမ့် ရွေးကောက်ပွဲတွင် အနိုင်ရလာပြီးနောက် ၎င်း၏ မဲဆွယ်ကာလ မှတ်ချက်စကားများ၊ ကတိကဝတ်များကို အခြေပြုကာ အမေရိကန်၏ တန်ဖိုးထားအပ်သော စံနှုန်းများကို ပျက်စီးစေမည်ဟု စိုးရိမ်တကြီး ဝေဖန်မှုများ ရှိနေသည်။

ပီရူးနိုင်ငံ၊ လီမာမြို့တွင် ၎င်း၏ သမ္မတသက်တမ်းတလျှောက် နောက်ဆုံး တရားဝင်နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် အိုဘားမားကမူ ထရမ့်၏ ချဉ်းကပ်ပုံ အသစ်ကို ကနဦးအဆင့် အချိန်ပေး စောင့်ကြည့် ပြီးမှသာ ဝေဖန်မှုများ ပြုလုပ်သင့်သည်ဟု မှတ်ချက်ပေးခဲ့သည်။

“ကျွန်တော်ကတော့ သမ္မတသစ်အဖြစ် ရွေးကောက်ခံရမယ့် လူပုဂ္ဂိုလ်တစ်ယောက်အပေါ် လေးစားမှုထားသင့် တယ်လို့ ထင်ပါတယ်။ သူဆက်လုပ်မယ့် ကိစ္စတွေ၊ သူ့ရဲ့ မူဝါဒ အခြေခံ တွေကို တိတိကျကျ မမြင်ရသေးခင် အပြင်းအထန် ကန့်ကွက်နေတာမျိုး မဖြစ်သင့်ပါဘူး။ လူတွေ အဓိက အချင်းများနေတာက အမေရိကန်ရဲ့ တန်ဖိုး၊ အမေရိကန်ရဲ့ အတွေးအမြင်တွေ ပျက်သုဉ်းသွားမလား ဆိုတာနဲ့ ပတ်သက်လို့ပါ။ ဒါကလည်း အမှန်တကယ် လိုအပ်ပါတယ်” ဟု အိုဘားမားက ဆိုသည်။ ၎င်းက အကယ်၍ ထရမ့်လက်ထက်တွင် ဝေဖန်ထောက်ပြစရာများ ကြုံလာပါက သမ္မတဟောင်း တစ်ဦးအနေဖြင့် နောက်တွန့်နေမည် မဟုတ်ဟုလည်း ကတိပြုခဲ့သည်။

အိုဘားမားက ထရမ့်အနေဖြင့် နိုင်ငံတကာရေးရာ ကဏ္ဍတွင် အမေရိကန်၏ ဦးဆောင်မှု အရေးပါလွန်းသည်ကို နားလည်သင့်ကြောင်း အကြံပြုခဲ့ပြီး ထိုတာဝန်ကို အခြားမည်သည့် နိုင်ငံမျှ ဝင်ရောက် ထမ်းရွက်နိုင်မည် မဟုတ် ဟုလည်း ဆိုသည်။ “ကျွန်တော်တို့က ပြဿနာတိုင်းကို ဝင်ဖြေရှင်းပေးနေရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အမေရိကန်က မှန်တဲ့ဘက်မှာ မရပ်တည်တော့ဘူးဆိုရင်၊ ကျွန်တော်တို့ တတ်နိုင်တဲ့ အားထုတ်မှုတွေကို ရာနှုန်းပြည့် ဆက်မလုပ်တော့ဘူးဆိုရင် စနစ်တစ်ခုလုံး ပြိုကျသွားလိမ့်မယ်။ အမေရိကန်ရဲ့ နေရာကို ဘယ်သူမှ ဝင်မဖြည့်နိုင်ပါဘူး။ ဒါက သေချာပါတယ်”ဟု အိုဘားမားက ပြောကြားသွားသည်။

Ref: CNN


Leave a Reply