၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မိသားစုဝင် ကျောင်းသူ ကျောင်းသား များအား ပညာသင် ထောက်ပံ့ကြေးပေးအပ်
နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဌာနချုပ် မိသားစုဝင် ကျောင်းသားကျောင်းသူ များအား၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ (၁၇) ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်အတွင်းရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနား၌ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက အမှာစကားပြောကြားရာတွင် ပညာရေးမြှင့်တင်ဆောင်ရွက်ရန်မှာ အလွန်အရေးကြီးပြီး ပညာတတ် များဖြင့်သာ တိုင်းပြည်ထူထောင်၍ ရမည်ဖြစ် သည့်အတွက် ပညာရေး ကဏ္ဍကို ကျောင်းသားကျောင်းသူများ စိတ်ဝင်စားစွာ ကြိုးစားသင်ယူကြရန် လိုအပ် ကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သားသမီး ပညာတတ်ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်ပေး ကြရန်လိုကြောင်း၊ ပညာဆိုရာ၌လည်း သင်စာမျှလောက်ဖြင့် ရပ်တည်နေ၍မရဘဲ ဘဝရပ်တည်မှု ခိုင်မာစေရေး အတွက် ဗဟုသုတ လေ့လာဆည်းပူးခြင်း၊ အတန်းပညာ၊ အသိပညာ၊ အတတ်ပညာများလည်း တတ်မြောက်ရန် လိုအပ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပါတီဌာနချုပ်အတွင်းရှိကြသော မိသားစုဝင်များရှိ ကျောင်းသားကျောင်းသူများကို အတန်းအလိုက်စီ ထောက်ပံ့ ကြေးပေးခြင်းဖြစ်ပြီး တက္ကသိုလ်အဆင့် ကျောင်းသားကျောင်းသူများအား တစ်ဦးလျှင် ကျပ် ၈၅ဝဝဝ၊ အထက်တန်းအဆင့် တစ်ဦးလျှင်ကျပ် ၇ဝဝဝဝ၊ အလယ်တန်းအဆင့် တစ်ဦးလျှင် ကျပ် ၅၅ဝဝဝ နှင့် မူလတန်း အဆင့် တစ်ဦးလျှင်ကျပ် ၄ဝဝဝဝ တို့ကို အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ချီးမြှင့်ထောက်ပံ့ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယင်းသို့ ပညာသင်ထောက်ပံ့ကြေးများကို ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အထိ ထောက်ပံ့လာခဲ့ပြီး ယခုနှစ်တွင် ပါတီဌာနချုပ် မိသားစုဝင် ကျောင်းသားကျောင်းသူ ၁၄၅ ဦးတို့အတွက် ငွေကျပ် ၈၁၅၅ဝဝဝဝ ထောက်ပံ့ပေးခြင်းဖြစ်သည်။
သာလှ(ပျဉ်းမနား)