ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်တွင် ပြည်ခိုင်ဖြိုးပါတီ ပါဝင်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ (၁ဝ၅) ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကြီးတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ပဒေသာပင်များ၊ နဝကမ္မ အလှူငွေများ၊ အတီးအမှုတ် အကအခုန်များနှင့်အတူ ပို့ဆောင်လှူဒါန်းလျက်ရှိရာ နိုဝင်ဘာ (၉) ရက်နေ့ မွန်းလွဲ ၂နာရီတွင် ပျော်ဘွယ်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း ပါဝင်လှူဒါန်းခဲ့သည်။
မြို့နယ်ပါတီရုံးမှ ကထိန်ပွဲကျင်းပရာ ရာပြည့်သာသနာ့ဗိမာန်သို့ ပဒေသာပင်များကို ပို့ဆောင်လှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ဇနီး ဒေါ်သင်းမျိုးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ပျော်ဘွယ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပျော်ဘွယ်မြို့နယ်ကျေးရွာအုပ်စု စည်းရုံးရေးမှူးများ အင်အား ၃ဝဝ ကျော်တို့က စည်ကား သိုက်မြိုက်စွာ လှူဒါန်းခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တန်ဖိုးငွေကျပ် ၂၅ သိန်းကျော် ပါဝင်လှူဒါန်းခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးနှင့် မိသားစုက ငွေကျပ် ၂ဝ၈ဝဝဝနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၁၃၄၇၈ဝဝ တို့ကို ပါဝင် လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဦးမျိုး(ပျော်ဘွယ်)