NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်ရန် ကြိုးစားခြင်းက နိုင်ငံရေးအရမမျှတမှုဖြစ်စေကြောင်း တပ်ချုပ်ပြော

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးခြင်းမပြုဘဲ နိုင်ငံရေး ဆွေးနွေးမှုများတွင် ပါဝင်ရန် ကြိုးစားနေခြင်းသည် နိုင်ငံရေးအရ မမျှတမှုဖြစ်စေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

14947648_1116472428473621_1605014475147752967_n

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က ဘယ်လ်ဂျီယံနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီ၊ ကာကွယ် ရေးဦးစီးချုပ်များ အစည်းအဝေးတွင် “The Military’s Role in a Democratic Myanmar” နှင့် ပတ်သက်၍ ဆွေးနွေးရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင် ခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ၏ နေရာဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများမရှိတော့ဘဲ နယ်မြေအေးချမ်းမှုနှင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်သည့် အကျိုး ရလဒ်များခံစားနေရပြီ ဖြစ်ကြောင်း ပြောသည်။

လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် အဖွဲ့များတွင် တရုတ်-မြန်မာနယ်စပ်ရှိ အင်အားကြီးမားသည့်  ‘၀’ အဖွဲ့ (UWSA) နှင့် ကေအိုင်အို (ကချင်) အဖွဲ့များလည်း ပါဝင်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြောသည်။

အစိုးရအနေဖြင့် NCA မရေးထိုးရသေးသည့် အဖွဲ့များအတွက် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

NCA ကို အစိုးရနှင့် ကေအင်န်ယူ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ရခိုင်လွတ်မြောက်ရေးပါတီ  (ALP) ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ချင်းအမျိုးသားတပ်ဦး၊ ABSDF ၊ ဒီကေဘီအေနှင့် ငြိမ်း ချမ်းရေးကောင်စီ (KNLA/PC) စသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့က ၂၀၁၅ အောက်တိုဘာ ၁၅ ရက်၌ လက်မှတ်ရေးထိုးထားသည်။

ကေအိုင်အိုအပါအ၀င် ကျန်အဖွဲ့များနှင့်မူ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘဲ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။ တပ်မတော်နှင့် NCAရေးထိုးထားသည့် အဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုမှာ လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း ၁၂ ဆခန့်လျော့နည်းကြောင်း အစိုးရဘက်က ပြောကြားသည်။  # 7 Day Daily


Leave a Reply