အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရ

စိတ်လှုပ်ရှားစရာ အချိန်နာရီများကို ဖြတ်ကျော်ခဲ့ပြီးနောက် ဒေါ်နယ်လ်ထရမ့်သည် အမေရိကန် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။

14956550_1162602437110711_6964553352721821459_n

ရီပတ်ဘလစ်ကန် ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် ဘီလီယံနာသူဌေးကြီးသည် ပြိုင်ဘက် ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်ကို ရွေးကောက်ပွဲ မဲရေတွက်မှု အခြေအနေများတွင် တောက်လျှောက် ဦးဆောင်သွားနိုင်ခဲ့ပြီး နောက်ဆုံးပိုင်း ထွက်ပေါ်လာသည့် ပင်ဆယ်လ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင် အနိုင်ရလဒ်များကြောင့် လိုအပ်သော ကိုယ်စားလှယ်မဲ အရေအတွက် ၂၇၀ ကို ကျော်လွန် ရရှိသွားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီက ထရမ့်သည် ကလင်တန်လောက် လူကြိုက်မများခဲ့သော်လည်း အမှန်တကယ် မဲပေးကြ ချိန်တွင် ကလင်တန်အသာရမည်ဟု ကြိုတွက်ထားသည့် ပြည်နယ်အတော်များများတွင် ရလဒ်ကျဉ်းမြောင်းစွာဖြင့် အနိုင်ရခဲ့သည်။ အထူးသဖြင့် ဒီမိုကရက်ဘက် သေချာပေါက်ယိမ်းလိမ့်မည်ဟု တွက်ဆထားသည့် ပင်ဆယ်လ် ဗေးနီးယား၊ ဖလော်ရီဒါ အစရှိသည့် မဟာဗျူဟာ မဲဆန္ဒနယ်မြေများတွင် အနိုင်ရလိုက်ခြင်းက ထရမ့်အတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ်မဲများကို တိုးပွားလာစေခဲ့သည်။

ကလင်တန်ကမူ ဒီမိုကရက်အမာခံနယ်မြေများဖြစ်သည့် နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများအနက် အရှေ့ပိုင်း ပြည်နယ်များမှမဲများကို ထိန်းသိမ်းရယူနိုင်ခဲ့သော်လည်း အနောက်ဘက်ခြမ်းပြည်နယ်များစွာကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဖလော်ရီဒါတွင် ထရမ့်ကို ကပ်ရှုံးခဲ့သလို ပင်ဆယ်လ်ဗေးနီးယားတွင်လည်း ဆက်တိုက် ဦးဆောင်နေပြီးမှ ထရမ့်က ကျော်တက်သွားခြင်းကြောင့် အကြီးအကျယ် အထိနာခဲ့ရသည်။

ရီပတ်ဘလစ်ကန်ပါတီတွင်း ပြိုင်ဆိုင်မှုများစတင်ချိန်ကတည်းက လူအများ၏ အလေးထားတွက်ချက်ခြင်းကို မခံခဲ့ရသော်လည်း ထရမ့်သည် နောက်ပိုင်းတွင် တောက်လျှောက် အခြေအနေကောင်းလာပြီး ပါတီကိုယ်စားပြု သမ္မတလောင်းနေရာအတွက် ပြိုင်ဘက်အားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။

၎င်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူဖူးသလို လက်ရှိအမေရိကန်အစိုးရ၏ အစွမ်းကုန် ထောက်ခံအားပေးမှုကိုရထားသည့်ဟီလာရီကိုလည်းကျော်တက်ကာ ရွေးကောက်ပွဲတွင်အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

စစ်တမ်းများအရ ထရမ့်ကို နှစ်သက်သူအများစုသည် အမျိုးသားဝါဒီများ၊ တက္ကသိုလ်ပညာရေးသင်ယူမှုမရှိခဲ့သည့် လူဖြူအမျိုးသားများနှင့် ကျေးလက်ဆန်သည့် အလယ်ပိုင်းဒေသတွင် နေထိုင်သူများဖြစ်ကြောင်းလည်း သိရှိ ရသည်။ Ref: CNN


Leave a Reply