ရပ်/ကျေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လာမည့်လွှတ်တော်တွင် အတည်ပြုမည်

img_2961-copyf

လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲနေသော ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို လာမည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံ မှ သတင်းရရှိသည်။

‘‘ဒီဥပဒေကြမ်းကို အတည် ပြုဖို့ လိုနေပါပြီ။ ဒီတစ်ခေါက် လွှတ်တော်မှာတော့ အပြီးပြတ် ဆွေးနွေးကြဖို့ရှိတယ်’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်က ကျင်းပပြီးစီးခဲ့သည့် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ယင်းဥပဒေကြမ်းကို ဆွေးနွေးရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ကြား သဘောထား ကွဲလွဲမှုများရှိခဲ့ခြင်းဖြစ်သည်။

‘‘လွှတ်တော်နှစ်ရပ်သဘော မတူကြတာ ၁၁ ချက်လောက်ရှိတယ်။ အခုတော့ ပူးပေါင်းကော်မတီ (ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ)မှာ အဲဒီအချက်တွေကို ဆွေးနွေး လိုက်တော့ အားလုံးပြီးသလောက် ဖြစ်ပြီ။ ဒီတစ်ခေါက် လွှတ်တော်မှာ အတည်ပြုနိုင်တော့မယ်’’ ဟု အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် အောက်တိုဘာ ၃၁ ရက်က နေပြည်တော်တွင် အစည်းအဝေး ခေါ်ယူခဲ့ပြီး လွှတ်တော် နှစ်ရပ် ကြား သဘောထား ကွဲလွဲနေသည့် အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။ လွှတ်တော်နှစ်ရပ်သဘော ထားကွဲလွဲသည့် အချက်များတွင် စကားလုံးဝေါဟာရသုံးစွဲမှုအပေါ် ကွဲလွဲမှုရှိ ခဲ့သည့်အပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ပညာအရည်အချင်း သတ်မှတ်ချက် အပေါ်လည်း သဘောထား ကွဲလွဲမှုရှိခဲ့သည်။

ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် တတိယ အကြိမ်ပြင်ဆင်ခြင်းဖြစ်ကာ ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးစဉ် အကြိတ်အနယ် ဆွေးနွေးမှု များ ရှိခဲ့သည့် ဥပဒေကြမ်းတစ်ခုဖြစ်သည်။

အောက်တိုဘာ ၇ ရက်က စတင် ရပ်နားထားသည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်များကို နိုဝင်ဘာ ၁၆ ရက် တွင် ပြန်လည်စတင်ကျင်းပမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက လွှတ်တော်နေရာအများစု ရရှိထားသည့် ဒုတိယအကြိမ်လွှတ်တော်၊ ပထမ ပုံမှန်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်က စတင်ကျင်းပကာ ဇွန်လ ၁၀ ရက်တွင် ပြီးစီးပြီး ဒုတိယပုံမှန် အစည်းအဝေးများကို ဇူလိုင် ၂၅ ရက်မှ အောက်တိုဘာ ၇ ရက် အထိ ကျင်းပခဲ့သည်။ တတိယပုံမှန် အစည်းအဝေး များကို လာမည့် နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။


Leave a Reply