ပြောင်းလဲတိုင်းကောင်းပါရဲ့လား

နေပြည်တော်ရှိ အားကစားတက္ကသိုလ် အဆောက်အအုံအားအမျိုး သားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဆောက်အအုံအဖြစ် ပြောင်းလဲအသုံးပြုသွားရန် နိုင်ငံတော် သမ္မတရုံးမှ စီစဉ်နေကြောင်း သိရပါသည်။ (NRPC) အတွက်အဆောက်အအုံမရှိသေးသဖြင့် အားကစားတက္ကသိုလ်အဆောက်အအုံကို ခေတ္တ ယာယီအသုံးပြုပြီး နိုင်ငံတော်မှဘတ်ဂျက်ရန်ပုံငွေ တောင်းခံ၍ရရှိလာပါက NRPC အဆောက်အအုံကို သင့်တော် သည့်မြေနေရာတွင် အသစ်ဆောက်လုပ်အသုံးပြုရန် အစီအစဉ်ဆိုပါက လက်ခံနိုင်ပါသည်။ သို့မဟုတ်ဘဲ အပြီး အပိုင် ပြောင်းလဲအသုံးပြုမည်ဆိုပါက ပြည်သူထဲက ပြည်သူတစ်ဦးအနေဖြင့် အလေးအနက် ကန့်ကွက်တင်ပြလိုပါသည်။

14993516_675898995912948_2747299482659852420_n


နေပြည်တော်တွင် အားကစားတက္ကသိုလ် တစ်ခုပေါ်ပေါက်ဖွင့်လှစ်နိုင်အောင် (၁ဝ.၇. ၂ဝ၁၂)ရက်နေ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် ဝက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ‘နိုင်ငံတော်တွင် အားကစားတက္ကသိုလ်တစ်ခု ဖွင့်လှစ်သင်ကြားပေးရေး’ အဆိုကို တင်သွင်းခဲ့ရာမှ လွှတ်တော်ကကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့သဖြင့် နိုင်ငံတော်အစိုးရက တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။ အားကစားတက္ကသိုလ်ဆောက်လုပ်နိုင်ရန် ဘဏ္ဍာရန်ပုံငွေရရှိရေးအတွက် လည်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ကြိုးပမ်းခဲ့ရပါသည်။

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့သည် နိုင်ငံ၏ဂုဏ်သိက္ခာအတွက်လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ ပြယုဂ်အဖြစ်လည်းကောင်း၊ နိုင်ငံအတွင်းရှိပြည်သူများ၏ ကျန်းမာကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်မှုနှင့်စွမ်းအားများကို ဖော်ထုတ်ပြသမှုအဖြစ်လည်းကောင်း၊ အားကစားကဏ္ဍကို အလေးထားမြှင့်တင်နေကြသည်ကို တွေ့ရှိရပါသည်။ ထိုသို့မြှင့်တင်နိုင်ရန်အတွက် တူညီသောဦးတည်ချက်မှာ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ထူးချွန်သော အားကစားသမားများ စဉ်ဆက်မပြတ် ပြုစုပျိုးထောင်လေ့ကျင့်ပေးရေးနှင့် အရည်အသွေး မြင့်မားသော အားကစားနည်းပြများ၊ နည်းစနစ်မှူးများနှင့် အားကစား ခေါင်းဆောင်များ အလုံအလောက် ရရှိအောင် စနစ်တကျ လေ့ကျင့်ဖော်ထုတ်သွားရေးပင်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း အားကစားလေ့ကျင့်ရေးစခန်းများ၊ အားကစားကျောင်းများ၊ အားကစားသိပ္ပံများ၊ အားကစားတက္ကသိုလ်များ ဖွင့်လှစ်ပြီး စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြပါသည်။

မြန်မာနိုင်ငံအနေဖြင့် အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်းပေါင်းလေးခုဖွင့်လှစ်ပြီးဖြစ်သည့် အပြင် အဆောက် အအုံများ ဆောက်လုပ်ပြီး ဖွင့်လှစ်ရန်ကျန်သည့် အား/ကာသိပ္ပံ နှစ်ခုနှင့်ပေါင်းလျှင် အား/ကာသိပ္ပံ ခြောက်ခုရှိ နေပြီဖြစ်ပါသည်။ ယင်း အား/ကာသိပ္ပံကျောင်းများမှ အထက်တန်းအဆင့် အားကစားသမားလူငယ်များအား တက္ကသိုလ် အဆင့်အထိ ဆက်လက်လေ့ကျင့်မွေးထုတ်ပေးနိုင်ပါမှ နိုင်ငံတော်၏အားကစားမြှင့်တင်မှု ဆောင်ရွက် ချက်လည်း ပြည့်စုံမည်ဖြစ်ပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံတွင် အားကစားတက္ကသိုလ် တစ်ခုမရှိမဖြစ် လိုအပ်လာ ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အားကစားတက္ကသိုလ်တစ်ခုဖွင့် လှစ်ခြင်းဖြင့် အောက်ပါအားကစားဆိုင်ရာ အကျိုး ကျေးဇူးများဖြစ်ထွန်းလာမည်ဖြစ်ပါသည်-

( က )  ထူးချွန်ထက်မြက်ပြီး ဥာဏ်ရည်ဥာဏ်သွေးမြင့်မားသော နိုင်ငံ့လက်ရွေးစင် လူငယ်မျိုးဆက်သစ် အားကစားသမားများကို စနစ်တကျ လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ခြင်း။

( ခ )   တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သော အရည်အသွေး ပြည့်ဝသည့် အားကစား ခေါင်းဆောင်များ ပေါ်ထွက်လာနိုင်ခြင်း။

( ဂ )   အရှိန်အဟုန်မြင့်မားစွာ ပြောင်းလဲတိုး တက်နေသော နိုင်ငံတကာအားကစား အဆင့်အတန်းများ နှင့်အတူ ရင်ပေါင်တန်းနိုင်မည့် အားကစားအရာရှိများ၊ နည်းပြများ၊ နည်းစနစ်မှူးများကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ခြင်း။

( ဃ )  ခေတ်မီသိပ္ပံနည်းကျ အားကစားနှင့် ကာယပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို အဆင့်မီစွာ လေ့လာဆောင်ရွက်နိုင်ခြင်း။

( င )   နိုင်ငံတကာ အားကစားတက္ကသိုလ်များ နှင့်ပေါင်းကူးဆက်သွယ်ပြီး ခေတ်မီအား ကစားပညာရပ် များ၊ အားကစားအတွေ့အကြုံများ ဖလှယ်နိုင်ခြင်း။

ကမ္ဘာ့နိုင်ငံအသီးသီးတွင်အဆင့်မြင့်အားကစား ပညာရပ်များ လေ့ကျင့်သင်ယူနိုင်ရေးအတွက် အားကစား တက္ကသိုလ်များ ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိရာ အာရှနှင့် အာဆီယံနိုင်ငံ အသီးသီးအနေဖြင့် အောက်ပါအတိုင်း အားကစားတက္ကသိုလ်များ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်-

(က)    တရုတ်နိုင်ငံ – အားကစားတက္ကသိုလ် ခုနစ်ခုနှင့် အားကစာှးုညျအငအကအန သုံးခု

( ခ )   ဂျပန်နိုင်ငံ – အားကစားတက္ကသိုလ် နှစ်ခု၊ ကျန်တက္ကသိုလ်များတွင်တွဲဖက်ထားသည် များလည်း ရှိသည်။

( ဂ )   ကိုရီးယားနိုင်ငံ – အားကစားတက္ကသိုလ် တစ်ခု၊ ကျန်တက္ကသိုလ်များတွင်တွဲဖက် ထားသည်များ လည်းရှိသည်။

( ဃ )  ဗီယက်နမ်နိုင်ငံ – အားကစား တက္ကသိုလ် နှစ်ခုနှင့် အားကစားကောလိပ်တစ်ခု

( င )   စင်ကာပူနိုင်ငံ – National Universityof Singapore တွင် တွဲဖက်သင်ကြားသည်။

( စ )   ထိုင်းနိုင်ငံ The University Sports Board of Thailand ဖွဲ့စည်းပြီး တက္ကသိုလ်များတွင် ခွဲ၍ သင်ကြားပေးသည်။

( ဆ )  မလေးရှားနိုင်ငံ – Malaysian University Sports Council ဖွဲ့စည်းပြီး တက္ကသိုလ်များတွင် ခွဲ၍သင်ကြားပေးသည်။

( ဇ )   အင်ဒိုနီးရှားနိုင်ငံ -Indonesian University Sports Council ဖွဲ့စည်းပြီးတက္ကသိုလ်များတွင် ခွဲ၍ သင်ကြားပေးသည်။

( ဈ )   ဖိလစ်ပိုင်နိုင်ငံ –့  University Athletics Association of Phillipines ဖွဲ့စည်းပြီး တက္ကသိုလ် များတွင်ခွဲ၍သင်ကြားပေးသည်။

စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် အားကစားတက္ကသိုလ်ဟူ၍ သီးခြားမထားရှိဘဲ နိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီးတွင် အားကစား ကွင်း၊ အားကစားရုံ၊ အားကစားပစ္စည်း များနှင့် အားကစားနည်းပြများ လုံလောက်အောင်အပြည့် အစုံထားရှိပေးပြီး အားကစားနည်းများခွဲခြား၍ လေ့ကျင့် သင်ကြားပေးခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် တက္ကသိုလ်တိုင်းတွင်အားကစား သင်တန်းများ ဖွင့်လှစ်ထားခြင်း ပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တက္ကသိုလ်ပေါင်း များစွာရှိသော်လည်း အားကစားကွင်း၊ အားကစားရုံ၊ အားကစားပစ္စည်းများ ပြည့်စုံအောင်ထားရှိပေးနိုင် ခြင်းမရှိသဖြင့် သီးခြားအားကစားတက္ကသိုလ် တစ်ခုဖွင့်လှစ် ပေးရန်လိုအပ်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၃-ခုနှစ်၊ ဒီဇင်ဘာလတွင် (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ယင်းပြိုင်ပွဲ ကြီးမှ ကျန်ရစ်ခဲ့သော အားကစားကွင်း၊ အားကစားရုံနှင့် အဆောက်အအုံများမှာ ပြည်တွင်းပြည်ပပြိုင်ပွဲကြီးများ ပြုလုပ်နိုင်သည့်အပြင် အားကစားတက္ကသိုလ်တစ်ခု တည်ဆောက်ရေးအတွက် လိုအပ်သည့် အားကစားကွင်း၊ အားကစားရုံများ အဆင်သင့် ပြည့်စုံစွာရှိနေပြီးဖြစ်နေပါသည်။ သို့ဖြစ်၍ နေပြည်တော်ရှိ အားကစားအဝန်းအဝိုင်း (Sports Complex) အနီးတွင် နိုင်ငံတကာအဆင့်မီ အားကစားတက္ကသိုလ်တစ်ခု တည်ဆောက်ဖွင့်လှစ်ရန်မှာ အလွန်ကို သင့်တော်လှပါသည်။

ဤသို့ဆိုသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မလိုအပ်ဟုဆိုလိုခြင်း လုံးဝ မဟုတ်ပါ။ (NRPC) အဆောက်အအုံမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သည့် အဆောက်အအုံ အမှန်ပင်ဖြစ်ပါသည်။ ယင်း(NRPC) အဆောက်အအုံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားများစုဝေး တိုင်ပင်ကြမည်။ ဆွေးနွေးကြမည်။ ဆုံးဖြတ်ကြမည်။ ထိုမှတစ်ဆင့် ပြည်သူတိုင်း အလွန်ကို လိုလားတောင့်တနေကြသည့် ပြည်တွင်းငြိမ်းချမ်းရေးကြီးရရှိအောင် ဆောင်ရွက်ကြမည် ဖြစ်သဖြင့် (NRPC) အဆောက်အအုံမှာ မရှိမဖြစ်လိုအပ်သည် ဟုဆိုခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏ အားကစား တိုးတက်ရေး ကိစ္စနှင့်ယှဉ်လျှင် နိုင်ငံတော်၏ငြိမ်း ချမ်းရေးကိစ္စမှာပို၍ အရေးကြီးကြောင်းကိုလည်း မည်သို့မျှ ငြင်းချက်ထုတ်ဖွယ် ရာမရှိပါ။

ထို့အတူ မြန်မာနိုင်ငံတွင်အားကစားထက် အရေးကြီးသောကိစ္စရပ်တွေ များစွာရှိနေသည်ကိုလည်း လက်ခံသဘော တူပါသည်။ သို့သော် အားကစားကိုလည်း ပစ်ပယ်ထား၍တော့မရပါ။ အဘယ့်ကြောင့်ဆိုသော် အားကစားသည် သာမန်အားဖြင့်ကြည့်လျှင် အရေးမကြီးဟု ယူဆနိုင်သော်လည်း နိုင်ငံ၊ လူမျိုးနှင့်ယှဉ်လာလျှင် နိုင်ငံ၏ဂုဏ်၊ လူမျိုး၏သိက္ခာဖြစ်လာသဖြင့် အရေးကြီးလာပါသည်။ ထို့ကြောင့် အားကစား ဖွံ့ဖြိုးတိုးတက်လာဖို့ နိုင်ငံတော်၏အစိုးရတိုင်း တွင်တာဝန်ရှိလာပါတော့သည်။ သို့အတွက် အား ကစားဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်ချက်၊ ရည် မှန်းချက်များထားရှိပြီး စနစ်တကျစီမံဆောင် ရွက်သွားရမည်ဖြစ်ပါသည်။ အားကစားသည် ပြိုင်ပွဲနီးမှအနိုင်ရချင်၍ရသည့်ကိစ္စမျိုးမဟုတ်ပါ။ နေ့ချင်းညချင်းတိုးတက်လာဖို့လည်း မည်သို့မျှ တတ်နိုင်သည့်ကိစ္စမဟုတ်ပါ။ အချိန်ယူ၍ များစွာ ရင်းနှီးမြုပ်နှံပြီးမှ ထွက်ပေါ်လာနိုင်သည့် အသီး အပွင့်များဖြစ်ပါသည်။ အားကစားနှင့် ကာယ ပညာသိပ္ပံကျောင်းများ ပြည့်စုံစွာဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်၍ နိုင်ငံတကာအဆင့်မီအားကစားတက္ကသိုလ် တစ်ခုသည် မြန်မာနိုင်ငံအားကစားဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးကြီးလိုအပ်ချက်တစ်ခုဖြစ်လာ ပါသည်။

သို့ဖြစ်ပါ၍ အားကစားတက္ကသိုလ်ဖွင့်လှစ်ရန် မူလကရည်ရွယ်တည်ဆောက်ခဲ့ခြင်း၊ အားကစား တက္ကသိုလ်မှာလည်း မြန်မာနိုင်ငံအားကစား တိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်လျက် ရှိခြင်း၊ (NRPC ) အတွက် အဆောက်အအုံကို သီးခြားဘတ်ဂျက်ရန်ပုံငွေတင်ပြတောင်းခံ၍ သင့် တော်မည့်မြေနေရာတွင် စိတ်ကြိုက်ပုံစံဖြင့်ဆောက် လုပ်နိုင်ခြင်းတို့ကြောင့် ယခုအားကစားတက္ကသိုလ် အဆောက်အအုံကိုNRPC အဆောက်အအုံမရှိ သေးမီကာလအတွင်း ခေတ္တယာယီအသုံးပြုပြီး နိုင်ငံတော်မှဘတ်ဂျက်ရန်ပုံငွေတောင်းခံရရှိလာ ပါကNRPC အဆောက်အအုံကိုအသစ်ဆောက် လုပ်၍ပြောင်းရွှေ့ဆောင်ရွက်သွားရန်နှင့် အား ကစားတက္ကသိုလ်ကို မူလရည်ရွယ်ချက်အတိုင်း ဆက်လက်ဖွင့်လှစ်သွားနိုင်ပါရန် အကြံပြုတင်ပြ နေခြင်းဖြစ်ပါသည်။ ပြည်သူများအနေဖြင့်ဝိုင်းဝန်း သုံးသပ်ဆုံးဖြတ်ပေးကြပါရန်နှင့် လွှတ်တော်ကိုယ် စားလှယ်ကြီးများအနေဖြင့်လည်း ရေရှည်မျှော် တွေးပြီး နိုင်ငံတော်အတွက်အကောင်းဆုံးဖြစ် အောင် လွှတ်တော်တွင်ဝေဖန်ဆွေးနွေးအတည်ပြု ပေးနိုင်ကြပါရန် ပြည်သူထဲကပြည်သူတစ်ဦးအနေ ဖြင့် လေးစားစွာရေးသားတင်ပြလိုက်ရပါသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာပါ သူရအေး ၏ ပြောင်းလဲတိုင်းကောင်းပါရဲ့လား” ဆောင်းပါးကို ကူးယူဖဖ်ာပြပါသည်။


Leave a Reply