မကွေးတိုင်းဒေသကြီးပါတီကော်မတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီကော်မတီအဖွဲ့၏ အပတ်စဉ် ပုံမှန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယခုလ (၁၇) ရက် နံနက် (၁ဝ) နာရီတွင် တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ ၌ကျင်းပရာ ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် အချိန်ပြည့်တိုင်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

mgw

အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက ရက်သတ္တပတ်အတွင်း တိုင်းပါတီ ကော်မတီအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၏ ပါတီလုပ်ငန်း ဆောင်ရွက်ချက်များ၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးခရီးစဉ်များ၏ အတွေ့အကြုံများကို ပါတီဌာနချုပ်နှင့် မီဒီယာ များတွင် သတင်းလွှင့်တင်နိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပါတီဌာနချုပ်တွင် ပြုလုပ်မည့် Video Conferencing Wor-kshop အတွက် သင်တန်းသားစေလွှတ်၍ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ခရိုင်/ မြို့နယ်ပါတီဥက္ကဋ္ဌများ လုပ်ငန်းတာဝန်လွှဲပြောင်းလက်ခံပြီးစီးမှုအခြေအနေများ၊ မိမိပါတီအပေါ် ဝေဖန်တိုက်ခိုက်မှု များအား ချေဖျက်နိုင်ရေး၊ ယုံကြည်မှုဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးပြောကြားပြီး ပါတီဌာနချုပ်နှင့် ခရိုင်/မြို့နယ်ပါတီတို့မှ ပေးပို့သော ဝင်စာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း က တိုင်းပါတီ၏ စီးပွားရေးဆိုင်ရာများ၊ တစ်ပတ် အတွင်း ဘဏ္ဍာရေးအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တိုင်းပါတီကော်မတီ ဝင်များက မိမိနယ်မြေအလိုက် ဆောင်ရွက်ချက်များ၊ တိုင်းပါတီမှ ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်နေသည် များ၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး မပါရှိသော်လည်း မိမိပါတီအောင်နိုင်ရေး အတွက် အင်နှင့်အားနှင့် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကို တင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။  ဇော်မြင့်(မကွေး)


Leave a Reply