ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ နိုဝင်ဘာတွင် အမည်စာရင်းတင်သွင်းနိုင်

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ နိုဝင်ဘာ ၂၈ ရက်တွင် အမည်စာရင်း စတင်တင်သွင်းနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာသည်။

အမည်စာရင်းတင်သွင်းနိုင်မည့်ကာလကို ၁၀ ရက် သတ်မှတ်ထားပြီး ဒီဇင်ဘာ ၇ ရက်တွင် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ဒီဇင်ဘာ ၁၂ ရက်မှစ၍ တစ်ပတ်ကြာ စိစစ်မည် ဖြစ်သည်။

ထို့ပြင် မဲဆွယ်စည်းရုံးခွင့်ကာလမှာ နှစ်လဖြစ်၍ ရွေးကောက်ပွဲလျာထားလုပ်ငန်းစဉ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကထက် နှစ်လကျော် အချိန်စော၍ ထုတ်ပြန်ခဲ့ သည်။ ကော်မရှင်က မဲဆွယ်စည်းရုံးခွင့်ကာလကို ၂၀၁၇ ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၃၀ ရက်အထိ နှစ်လသတ်မှတ်ပေးထားသည်။ မတ်လ ၃၁ ရက်မှာ Silent Day ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်၌ ကျင်းပမည်ဖြစ်သည်။

ရွေးကောက်ပွဲအပြီး နောက်တစ်ရက်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ကြေညာပေးမည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး၏အမည်စာရင်းကို ဧပြီ ၂ ရက်မှ ၅ ရက်အထိ လေးရက်ကြာကြေညာ မည်ဖြစ်ကြောင်း ကော်မရှင်လျာထားချက်တွင် ပါရှိသည်။

ထို့ပြင် ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရန် ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများသို့ နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း ပေးပို့သွားမည်ဟုလည်း ကော်မရှင်လျာထားချက်တွင် ဖော်ပြထားသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာအတွက် ကျင်းပမည်ဖြစ်သည်။ ပြည်သူ့ လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အတွက် ခြောက်နေရာတို့ဖြစ်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒ နယ် ၄၈ နေရာရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနိုင်ရခဲ့သည်။ ယင်းရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ခဲ့သည့် သမိုင်းဝင် ရွေးကောက်ပွဲလည်း ဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည့် ကြေညာချက်တွင် အများပြည်သူ သိရှိလေ့လာရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်ဟု ရေးသားထားခဲ့ပြီး ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် ယင်းသို့ မကြေညာခဲ့ပေ။ # 7 Day Daily


Leave a Reply