ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ခေတ်သစ်ပြည်သူ့ပါတီ၏ သဘောထားထုတ်ပြန်

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်တွင် ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ရဲကင်းစခန်း(၃)ခုတို့အား ရုတ်တရက် အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုအပေါ် ခေတ်သစ်ပြည်သူ့ပါတီမှ သဘောထားထုတ်ပြန်ချက်(၂/၂ဝ၁၆)ကို အောက်တိုဘာလ (၁၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်တွင် –

(၁)   ယနေ့ ဒီမိုကရေစီနိုင်ငံထူထောင်လာခဲ့သော မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းနေချိန်ဖြစ်ပါသည်။

(၂)   ယခုကဲ့သို့ ဒီမိုကရေစီနိုင်ငံထူထောင်နေချိန်တွင် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်က ရခိုင် ပြည်နယ်၊ မောင်တောခရိုင်အတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ရဲကင်းစခန်း (၃)ခုတို့အား ရုတ်တရက်အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါသည်။ ထိုသို့ အကြမ်းဖက်တိုက်ခိုက်ခဲ့ မှုကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်ကိုးဦး ကျရှုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။ တစ်ဦးပျောက်ဆုံးခဲ့သည်။ လက်နက်မျိုးစုံ ၅၁ လက် ဆုံးရှုံးခဲ့သည်ဟု သိရပါသည်။

(၃)   ထိုသို့ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုသည် နိုင်ငံတော်၏နယ်စပ်စည်းကို ချိုးဖောက်လာသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကိုသာမက ပြည်ထောင်စုမြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကိုပါ ခြိမ်းခြောက်လာခြင်းဖြစ်ပါသည်။

(၄)   ယနေ့ နိုင်ငံတကာတွင်လည်း လူမျိုးရေး၊ ဘာသာရေးအစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေချိန်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးထိပ်ထားလျက် နိုင်ငံလုံခြုံရေး (အမျိုးသားလုံခြုံရေး) ကို သတိတရား၊ အသိတရားလက်ကိုင်ထားပြီး တိုင်းရင်းသားစည်းလုံးညွတ်ရေးစွမ်းအားဖြင့် ကာကွယ်သွားကြရန် လိုအပ်ကြောင်း ထုတ်ပြန်အပ်ပါသည် ဟု ဖော်ပြပါရှိသည်။


Leave a Reply