ရခိုင်တိုင်းရင်းသား ကျေးရွာများကို အထိခံမည် မဟုတ်ဟုဆို

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကို အထိအခိုက်ခံမည်မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မောင်တောမြို့နယ်မှ ဒေသခံများနှင့် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

မောင်တောခရိုင်အတွက် လုံခြုံရေးအစီအမံများ အပြည့်အဝလုပ်ဆောင်ထားသဖြင့် ပြည်သူများအနေနှင့် လိုအပ် သည်ထက် ပိုမိုမစိုးရိမ်ကြရန်၊ ကောလာဟလသတင်းများအပေါ် အခြေခံကာ မလိုလားအပ်သည့် တုံ့ပြန်မှုမျိုး မလုပ်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။ “အစွန်အဖျားက စုစည်းရွာတွေ တိုင်းရင်းသား ကျေးရွာတွေအတွက် ပိုပြီး တော့မှ စိုးရိမ်ပါတယ်။ ဒီရွာတွေက ကျွန်တော်တို့ပြည်သူ တစ်ယောက်မှ အထိမခံပါဘူး။ ထိပါးတယ်ဆိုရင် လိုအပ်တဲ့တုံ့ပြန်မှုတွေလုပ်သွားမှာပါ” ဟု ဦးသိန်းဆွေက ပြောကြားသည်။

မောင်တောခရိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့တိုက်ခိုက်ခံရမှုမှာ သတင်းရယူမှု အားနည်းခြင်းကြောင့် အလစ်အငိုက် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နှင့် ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် မောင်တောမြို့နယ်မှ ဒေသခံများ တွေ့ဆုံရာတွင် ဒေသခံများက ၎င်းတို့ကို ပြည်သူ့စစ်လက်နက်များ တပ်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။

ယင်းအပြင် တိုင်းရင်းသား ကျေးရွာများမှာ ဘင်္ဂါလီကျေးရွာများကြားတွင်ရှိနေသဖြင့် လုံခြုံရေးအပြင် စားရေး သောက်ရေးပါ အခက်အခဲရှိနေသဖြင့် အစိုးရက အကူအညီပေးရန် ဒေသခံများက တောင်းဆိုခဲ့ကြသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးကမူ ဒေသခံတိုင်းရင်းသားများကို ပြည်သူ့စစ်တပ်ဖွဲ့ကာ လက်နက် တပ်ဆင်ပေးရေးမှာ နိုင်ငံတော်မူဝါဒနှင့်သက်ဆိုင်၍ ချက်ချင်းဆုံးဖြတ်ချက်မပေးနိုင်သဖြင့် သက်ဆိုင်ရာ အဆင့်ဆင့်တင်ပြမည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြုလုပ်နေသည့် ဒေသန္တရ ရဲတပ်ဖွဲ့များတွင် လည်း ဝင်ရောက်ကာ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ကြောင်း ၎င်း ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောနှင့်  ရသေ့တောင်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် နယ်မြေစခန်းများကို တိုက်ခိုက်သူများမှာ မည်သူမည်ဝါ၊ မည်သည့် အဖွဲ့အစည်းဆိုသည်ကို မဖော်ထုတ်နိုင်သေးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

အောက်တိုဘာလ ၁၂ ရက်နေ့နံနက်ပိုင်းကလည်း ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်ကို အကြမ်းဖက် သူများက ဝင်ရောက်တိုက်ခိုက်သည်ဆိုသည့် သတင်းမှာလည်း ကောလာဟလသာဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုး က ပြောဆိုသည်။ မောင်တောခရိုင်တွင် မြို့ရွာလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်နေပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် တပ်စခန်းများ လုံခြုံရေးကိုလည်း တည်ဆောက်နေကြောင်း၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အားကို လည်း တိုးမြှင့်ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။

ကျောင်းဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများကိုလည်း အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်ကာ အစိုးရအစီအစဉ်နှင့် ပြန်လည်ခေါ်ဆောင်နေပြီး လိုအပ်လျှင် တပ်မတော်ရဟတ်ယာဉ်အသုံးပြုကာ ခေါ်ယူမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။  # The Voice


Leave a Reply