ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဟင်္သာတခရိုင်အတွင်းရှိ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ
ဒေသအကျိုးပြုလုပ်ငန်းများ အရှိန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်ရန်နှင့် အတိတ်ကအမှားများကို သင်ခန်းစာ ယူကာ မိမိပါတီ အောင်နိုင်ရေးကိုစွမ်းအားမြှင့်တင် ဆောင်ရွက်နိုင်ရေးအပါအဝင် စည်းရုံးရေးရာ၊ စီမံရေးရာ ကဏ္ဍ များ ပေါင်းစပ်ညှိနှိုင်းနိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဟင်္သာတခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ပါတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံပွဲ ကို အောက်တိုဘာ (၁၁) ရက် နံနက် ၈ နာရီက ဟင်္သာတခရိုင်ပါတီရုံး စုဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဗဟိုအတွင်းရေးမှူးနှင့်အတူ တိုင်းဒေသကြီး ပါတီအကြံပေးပုဂ္ဂိုလ် ဦးခင်မောင်ရီ၊ တိုင်း ပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ ဘဏ္ဍာရေးမှူး ဦးလှခိုင်၊ ပါတီကော်မတီဝင် ဦးသန်းထွန်းတို့ တက်ရောက်ကြပြီး ခရိုင်တွင်း ခြောက်မြို့နယ်မှ တက်ရောက်လာကြသော ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ မြို့နယ်များအလိုက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြကြရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ထို့နောက် တင်ပြချက်များနှင့် စပ်လျဉ်းပြီး ဗဟိုအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပါတီမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးကာ ဟင်္သာတခရိုင်ပါတီတွေ့ဆုံပွဲကို မွန်းလွဲပိုင်းတွင် ရပ်နားလိုက်ကြောင်း သိရသည်။