မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားရှိ ခြံစည်းရိုးကို ခိုင်ခံ့ပြီး လုံခြုံမှုရှိစေရန် ဘဏ္ဍာငွေ သုံးစွဲဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နတ်မြစ်ဝရှိ ဒုက္ခသည် စခန်းများ၏ လူဝင်လူထွက်ကို စစ်ဆေးကြပ်မတ်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား

13081804_1136480829709399_320826700_n

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားရှိ နယ်စပ်ခြံစည်းရိုးအား ခိုင်ခန့်ပြီး လုံခြုံမှုရှိစေရန် ဘဏ္ဍာငွေ သုံးစွဲဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နတ်မြစ်ဝရှိ ဒုက္ခသည် စခန်းများ၏ လူဝင်လူထွက်အား စစ်ဆေးကြပ်မတ်ရန် လိုအပ် ကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အခြေအနေမှန်များ သိရှိရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရန် ရခိုင်ပြည်နယ် သို့ သွားရောက်ရှင်းလင်းပြောကြားခဲ့သည့် အဖွဲ့၏ သုံးသပ်ချက်များအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အောက်တိုဘာ ၁၇ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်တို့အဖွဲ့အနေနဲ့ နတ်မြစ်ဝမှာရှိတဲ့ ဒုက္ခသည်စခန်းများမှာ လူဝင်လူထွက်ကို စစ်ဆေးကြပ်မတ် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သုံးသပ်ပါတယ်။ မြန်မာဘင်္ဂလားဒေ့ရှ် နယ်ကြားမှာရှိတဲ့ ခြံစည်းရိုးကို ခိုင်ခံ့ပြီး လုံခြုံမှုရှိစေဖို့အတွက် ဘဏ္ဍာငွေသုံးစွဲပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း သုံးသပ်ပါတယ်။ တိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လုံခြုံမှုကောင်းမွန်စေရေးအတွက် စီမံ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ သုံးသပ်ချက်တွေကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထံကို တင်ပြထားပြီးဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး က“လက်ရှိဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ်နိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က တပ်မတော် နဲ့ပူးပေါင်းပြီး ပထမဦးဆုံး ဖြစ်စဉ်ဖြစ်ရပ်မှုတွေကို ထပ်မံ မဖြစ်ပွားဖို့အတွက် မြို့ရွာ၊ တပ်ဌာနချုပ်တွေ နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ လုံခြုံမှုတွေကို ကျွန်တော်တို့ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ အလားတူပဲ နိုင်ငံတော်ကနေ ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး ယန္တရားတွေ ပုံမှန်လည်ပတ်ဖို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ အချိန်နဲ့ တစ်ပိုင်းတည်းမှာပဲ အကြမ်းဖက်အဖွဲ့တွေ နောက်ကိုပါသွားတဲ့ လက်နက်တွေ ပြန်လည်ဖော်ထုတ် ဖမ်းဆီးရမိဖို့၊ ဒါ့အပြင် တခြား တရားမ၀င်သိုဝှက်ထားတဲ့ လက်နက်တွေ ဖော်ထုတ်ဖို့ အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေပါ တယ်။ ပြန်လည် သိမ်းဆည်းရမိတာတွေလည်း ရှိနေပါပြီ။ ဖမ်းဆီးရမိခဲ့ သောင်းကြမ်းသူတွေဆီက သတင်းအချက် အလက်တွေ ဖော်ထုတ်စိစစ်ပြီးတော့ နယ်မြေအတွင်းမှာရှိတဲ့ သောင်းကြမ်းသူ အမာခံတွေရဲ့ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သောင်းကြမ်းသူတွေကို ဖော်ထုတ်ဖမ်းဆီးမှုတွေကို ကျွန်တော်တို့ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ ပထမဦးဆုံး အဆင့်အနေနဲ့တော့ ဒါမျိုးထပ်ပြီး မဖြစ်ပွားအောင် ထိန်းချုပ် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေကို အလေး ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “ကျွန်တော်တို့ဝန်ကြီးဌာနက အမှတ် (၄) လူဝင်မှုကြီးကြပ် ရေးဌာနခွဲ အနောက်ဘက် နယ်စပ်ဒေသနယ် မြေလေးခု ရှိပါတယ်။ စခန်း ၂၆ ခုရှိပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံ သဘောတူညီချက်အရ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကနေပြီးတော့မှ  ကျွန်တော်တို့နှစ်နိုင်ငံ ပြည်သူတွေကို တရားဝင်နေ့ချင်း ပြန်လည်းခွင့်ပြု ပေးပါတယ်။ ခြောက်ညအိပ် ခုနစ်ရက်နဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ပေးနေပါတယ်။ နေ့စဉ်နဲ့အမျှ သွားတဲ့ ပြည်သူ တွေကိုလည်းပဲ မှတ်တမ်းတင်ပြီးတော့မှ သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့ အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တချို့က တရားဝင်သွားတာရှိသလို တချို့ကလည်း တရားဝင်သွားပြီးတော့ ပြန်မလာတာလည်း ရှိပါတယ်။ တချို့ကလည်း တရားမ၀င်သွားတာလည်းပဲ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံမှာ ကုန်းနယ်စပ်သာ ဆက်စပ်နေခြင်း မဟုတ်ဘဲ ရေပြင်ဆက်စပ်မှု များရှိကြောင်း၊ နတ်မြစ်တစ်လျှောက်မှ ကူးသန်း သွားလာမှုများရှိကြောင်း၊ နယ်စပ်ဒေသအပါအ၀င် ရခိုင်ပြည်နယ် အချို့ဒေသများတွင် ငါးဖမ်းလှေများသည် နေ့စဉ်ရာနှင့်ချီပြီး ထွက်နေကြောင်း၊ ရေပြင်ထဲ ရောက် သည့် အခါမှာ နယ်စပ်ဆိုပြီးသတ်မှတ်ရန် တိတိကျကျ ကာရံထားရန် ခက်ခဲသည့်အတွက် ယင်းနေရာများမှတစ်ဆင့် ခိုးဝင် ခိုထွက်မှုများ ရှိနိုင်ကြောင်း၊ အမှန်တကယ်လည်း ရှိနေကြောင်း၊ တရားမ၀င် ၀င်ရောက်မှုများဖြစ်ကြောင်း ဦးသိန်းဆွေက ပြောကြားသည်။

“လူဝင်မှု ကြီးကြပ်ရေးဘက်ပိုင်းမှာ အားနည်းတယ် ဆိုတာကိုလည်း လက်ခံပါတယ်။ နောင်အနာဂတ်ကာလ မှာတော့ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေ၊ တရားဥပဒေ စိုးမိုးမှု ခိုင်မာမှုကိစ္စတွေ၊ အုပ်ချုပ်ရေး ကိစ္စတွေကို ကျွန်တော်တို့ ဒီထက်ပိုပြီးတော့ ခိုင်မာတဲ့ စနစ်တွေ ဖြစ်အောင် ဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့ နောင်အနာဂတ်ကာလမှာ ကျွန်တော်တို့ အားနည်းချက်တွေဟာ ပိုမိုပြီးတော့မှ လျော့နည်းသွားလိမ့်မယ်။ အဲဒီလို လျော့နည်းသွားအောင်လည်း ကျွန်တော်တို့အနေနဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဦးသိန်းဆွေက ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲ ကွပ်ကဲရေးရုံးများ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် အကြမ်းဖက်တိုက်ခိုက် သူများ တိုက်ခိုက်ရာတွင် စီမံခန့်ခွဲမှု ကောင်းသူများအား တစ်ဆင့်မြင့် ရာထူးတိုးပေးခဲ့ကြောင်း၊ လက်နက်များ ဆုံးရှုံးသည်အထိ တာဝန် ပေါ့လျော့သူများအား စုံစမ်း စစ်ဆေးပြီးပါက အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ နိုင်ငံခြား ရေး ၀န်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး၊ ကာကွယ် ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးတို့ တက်ရောက်ခဲ့သည်။

Eleven media


Leave a Reply