ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီးဒေါ်မူမူဝင်းမိသားစု ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ သို့ ငွေကျပ် ၁၅ သိန်း လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီးဒေါ်မူမူဝင်း မိသားစုက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဧက ၁ဝဝဝ ဝန်ထမ်းအိမ်ရာ အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာ ဝေယျာဝစ္စအတွက် ငွေကျပ် ၁၅ သိန်းကို အောက်တိုဘာလ (၅) ရက် နံနက် ၉ နာရီခွဲက လှူဒါန်းခဲ့သည်။

u-thein-zaw

အဆိုပါလှူဒါန်းငွေကျပ် ၁၅ သိန်းကို ဘိုးဘွားရိပ်သာတာဝန်ခံ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း)က လက်ခံခဲ့သည်။ လက်ရှိတွင် ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာ၏ တည်နေရာ၊ တည်ဆောက်ထားရှိပုံ အဆင့်ဆင့်နှင့် အလှူရှင်များ၏ လှူဒါန်းမှုအားဖြင့် တည်ဆောက်ခဲ့ပုံတို့အပြင် ဘိုးဘွားများ နေရာချထားပေးမှု၊ နေ့စဉ်အသုံးစရိတ်၊ ထပ်မံတိုးချဲ့ တည်ဆောက်ရန်ရှိသော ဆေးရုံ တည်ဆောက်ရေးတို့နှင့် စပ်လျဉ်း၍လည်း ဦးသောင်းမြင့်က အလှူရှင် မိသားစု အား ရှင်းလင်းတင်ပြခဲ့သည်။

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ လှူဒါန်းလိုသူများအနေဖြင့် နေ့စဉ် ၁၅ ဦးထက်မနည်း လှူဒါန်းကြရန် ဆက်သွယ်လျက်ရှိပြီး ရိပ်သာသို့ လာရောက်နေထိုင်လိုသူများ အနေဖြင့်လည်း ၎င်းတို့၏ ဒေသ၌တည်ရှိသော တပ်မတော်တိုင်းစစ်ဌာနချုပ်များသို့ သွားရောက် စာရင်းပေးသွင်းပြီး အသေးစိတ်စိစစ်မှုဖြင့် လက်ခံလျက်ရှိ ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းမှာလည်း အမှန်တကယ် စွန့်လွှတ်စွန့်စားခဲ့သူ၊ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကို ပဓာနမထားပဲ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့သူများ ဟုတ်မဟုတ်ကို စိစစ်ရခြင်းဖြစ်ပြီး ထိုသူများကို ဦးစားပေး အနေဖြင့်ထားရှိရန် ရည်ရွယ်ကြောင်း စသည်တို့ကို ဦးသောင်းမြင့်က အလှူရှင်သို့ ရှင်းလင်းပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်မိသားစုအနေဖြင့် ယနေ့လှူဒါန်းမှုသည် ပထမဆုံးအကြိမ် လှူဒါန်း ခြင်းဖြစ်ပြီး ဘိုးဘွားရိပ်သာ၏အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ ရှေ့ဆက်လှူဒါန်းပေးရန်ရှိကြောင်း၊ ဘိုးဘွား ရိပ်သာ၏ အုပ်ချုပ်မှုရုံး ဧည့်သည်တော်မှတ်တမ်း၌လည်း ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအား ဦးဆောင်စီမံပေး ကြသောပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဘိုးဘွားရိပ်သာနှင့်ပတ်သက်၍ ကျရာကဏ္ဍမှ ပါဝင်ပူးပေါင်း ဆောင်ရွက်ပါမည်ဟု ဧည့်သည်တော်မှတ်တမ်းတွင် ရေးသားခဲ့သည်။

သာလှ(ပျဉ်းမနား)


Leave a Reply