မြန်မာ ယူ-၂၂ အသင်းကို ၃၄ ဦးဖြင့် ဖွဲ့စည်းကာ အောက်တိုဘာ ၁၀ ရက် စတင်လေ့ကျင့်မည်၊ ဆီးဂိမ်းစ်မတိုင်မီ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်ပြီး မလေးရှား၊ တရုတ်တို့နှင့် ခြေစမ်းရန် စီစဉ်

14527574_1247890355235112_1721530501_n

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်း၏ အဓိက,ကစားသမား အောင်သူနှင့် နန္ဒကျော်

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် မလေးရှား ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို ပဏာမကစားသမား ၃၄ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လာမည့် အောက်တိုဘာ (၁၀) ရက်တွင် လေ့ကျင့်မှု စတင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

MFF သည် မြန်မာ ယူ-၂၂ အသင်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရန်အတွက် အချိန်ယူ ပြင်ဆင်မည်ဖြစ်ပြီး လေ့ကျင့်မှု ပိုမိုပြည့်ဝစေရန်အတွက် ၁၀ လနီးပါး ကြိုတင်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းကို လာမည့်ရက်ပိုင်းအတွင်း ဖွဲ့စည်းမည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦးကြည်လွင်ကို တာဝန် ပေးအပ်ကာ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် နိုဝင်ဘာ ၉ ရက်မှ ၁၇ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကို ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်းမှ ကစားသမားများကို အမာခံထား၍ ဖွဲ့စည်းမည်ဖြစ်ပြီး စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ ငွေတံဆိပ် ရရှိခဲ့သည့် ယူ-၂၃ အသင်းမှ အသက်မီသည့် ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းမည်ဖြစ်သည်။

MFF ၏ ထုတ်ပြန်မှုအရ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၇ ခုနှစ် မတ်လတွင် မလေးရှား ယူ-၂၂ အသင်း၊ မေလတွင် တရုတ် ယူ-၂၂ အသင်းတို့နှင့် ရန်ကုန်မြို့၌ ခြေစမ်းကစားမည်ဖြစ်ပြီး အခြားနိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းကို ယခုလအတွင်း ဖွဲ့စည်းမည်ဖြစ်သော်လည်း အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း၌ ရွေးချယ်ခံထားရသည့် ကစားသမားများမှာမူ ယင်းပြိုင်ပွဲ ပြီးဆုံးမှသာ ပူးပေါင်း လေ့ကျင့်နိုင်ဖွယ်ရှိကြောင်း သိရသည်။

# Eleven


Leave a Reply