ဘတ်ဂျက်လိုငွေပြည့်ရန် ဗဟိုဘဏ်က ငွေစက္ကူထပ်မံရိုက်ထုတ် ဖြေရှင်းခြင်းကြောင့် ငွေကြေးဖောင်းပွမှု သတိပြုရန် စီးပွားရေးပညာရှင်များ ထောက်ပြ

13081804_1136480829709399_320826700_n

ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှ ချေးယူဖြည့်ဆည်းခြင်းသည် ငွေကြေးဖောင်းပွမှုဖြစ်နိုင်သဖြင့် အစိုးရအနေဖြင့် သတိပြုရန်လိုကြောင်း စီးပွားရေးပညာရှင် အချို့က ပြောကြားသည်။

အစိုးရသစ်လက်ထက် ပြန်လည်ရေးဆွဲသော ဘတ်ဂျက်တွင် လိုငွေကျပ် ၃,၀၉၀ ဘီလီယံရှိနေပြီး ကျပ် ၁,၂၃၆ ဘီလီယံကို ဗဟိုဘဏ်မှ ချေးယူရန် စီစဉ်ထားသည်။ ဘတ်ဂျက်လိုငွေ၏ ၄၀ ရာခိုင်နှုန်းခန့်ကို ဗဟိုဘဏ်မှ ချေးယူရန် စီစဉ်ထားမှုကြောင့် ငွေစက္ကူ ထပ်မံရိုက်ထုတ်ရမည်ဖြစ်ရာ ယင်းငွေများသည် လှည့်လည်သုံးစွဲ နေသော ငွေကြေးထဲသို့ ရောက်ရှိလာပါက ငွေကြေးဖောင်းပွမှုဖြစ်လာမည်ဟု ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန အငြိမ်းစား ဒုညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောသည်။

‘‘အစိုးရက လိုတဲ့ငွေကို ဗဟိုဘဏ်ကချေးတာ မြန်မာတစ်နိုင်ငံပဲရှိတယ်။ အာဆီယံနိုင်ငံတချို့မှာဆိုရင် ဗဟိုဘဏ် က အစိုးရငွေချေးမှုကို လက်မခံဘူး’’ ဟု ဦး စိုးသိန်းကပြောသည်။

ဘတ်ဂျက်လိုငွေများနေခြင်းသည် အစိုးရက အသုံးစရိတ် မလျှော့ချနိုင်ခြင်းကြောင့်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုအပြင် နောက်ဆက်တွဲကုန်ဈေးနှုန်းကြီးမြင့်မှု၊ မြန်မာကျပ် ငွေ တန်ဖိုးလျော့ကျမှုတို့ ဆက်တိုက်ဖြစ်လာမည်ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ပြောသည်။

ဝန်ကြီးဌာနများ လျှော့ချသော်လည်း လက်ရှိအစိုးရဘတ်ဂျက်သည် ယခင်အစိုးရဘတ်ဂျက်နှင့် လိုငွေပမာဏ ကွာခြားမှုမရှိသဖြင့် လွှတ်တော်က ကျပ် ၄၇၀ ဘီလီယံကျော် ဖြတ်တောက်ခဲ့သည်။ လက်ရှိအစိုးရသည် ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှ ငွေချေးယူခြင်းအပြင် ၆၀ ရာခိုင်နှုန်း ကို ငွေတိုက်စာချုပ်များ ရောင်းချပြီး ဖြည့်ဆည်းရန် စီစဉ်ထားသည်။

အစိုးရအသုံးစရိတ်များနှင့် ပတ်သက်၍ စီမံကိန်းမရှိဘဲ ဘတ်ဂျက်များ တိုးမြှင့်ချထားပေးခြင်းသည် အလွဲသုံးစား ပြုမှုနှင့် လေလွင့်ဆုံးရှုံးမှုများဖြစ်နိုင်သည်ဟု ဦးစိုးသိန်း က ပြောသည်။

ယခင်အစိုးရလက်ထက်က ပညာရေးနှင့် ကျန်းမာရေးဘတ်ဂျက်များ တိုးမြှင့်ပေးရာတွင် အဆောက်အအုံများ တိုးမြှင့်တည် ဆောက်ခြင်းမှအပ အခြားသော တိုးတက်မှု များ သိသာစွာမတွေ့မြင်ရကြောင်း Open Myanmar Intiative အဖွဲ့က ပြုလုပ်သော ဘတ်ဂျက်ရေးရာ ဆွေးနွေးပွဲနှင့် ဘတ်ဂျက်စာမျက်နှာ ၀က်ဘ်ဆိုက် မိတ်ဆက်ပွဲ တွင် ဦးစိုးသိန်း ကပြောသည်။

# 7 Day Daily


Leave a Reply