ပြည်သူတို့၏ တင်ပြချက်များကို သမ္မတရုံးသို့ အွန်လိုင်းမှ တိုက်ရိုက်ပေးပို့နိုင်မည့် အစီအစဉ် စတင်

13081804_1136480829709399_320826700_n

ပြည်သူလူထု၏ တင်ပြချက်များကို အလေးထား ဆောင်ရွက်ဖြေရှင်းရန် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက် (www.president-office.gov.mm) သို့ စာပေးပို့ ဆက်သွယ်နိုင်မည့် ဖုန်းမက်ဆေ့ခ်ျဖြင့် အတည်ပြုနိုင်သည့် စနစ်ကို စတင်ကြောင်း စက်တင်ဘာ ၂၈  ရက်က သတင်းထုတ်ပြန်သည်။

အထက်ပါ သမ္မတရုံးဝက်ဘ်ဆိုက်လိပ်စာမှတစ်ဆင့် ပြည်သူများက စာပေးပို့နိုင်ပြီး စစ်မှန်သည့် တိုင်ကြားစာ၊ အကြံပြုစာများဖြစ်စေရန် ဖုန်းမက်ဆေ့ခ်ျဖြင့် အတည်ပြု နိုင်သည့်စနစ် (SMS Verification) ကို စတင်သုံးစွဲခြင်း ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြား သည်။

‘‘ဖုန်းနံပါတ်ပေးမှဖြစ်တော့မယ်။ တိုင်ကြားတာ အမျိုးမျိုးရှိတယ်။ တကယ်နစ်နာလို့ တိုင်ကြားတာရှိတယ်။ လီဆယ် တိုင်ကြားတာရှိတယ်။ အခုလုပ်တဲ့စနစ်ကတော့ လီဆယ်တိုင်ကြားတဲ့သူတွေ လျော့နည်းသွားအောင် လုပ်တဲ့ သဘောပဲ’’ ဟု ဦးဇော်ဌေး က ရှင်းပြသည်။

တိုင်ကြားမည့်ပုဂ္ဂိုလ်သည် www.president-office.gov.mm  ဝက်ဘ်ဆိုက်သို့ ဖုန်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့် ဖြစ်စေ ဝင်ရောက်ပြီး နိုင်ငံတော်သမ္မတထံပေးစာ (စာအိတ်ပုံအမှတ်အသား) ကို ရွေးချယ်၍ ပေးစာကဏ္ဍအတွက် အချက်အလက် ဖြည့်သွင်းနိုင်သည်။

တိုင်ကြားသူက အမည်၊ အီးမေးလ်လိပ်စာ၊ တိုင်းဒေသကြီး/ပြည်နယ်၊ စာအမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ခေါင်းစဉ်၊ အကြောင်းအရာ စသည့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်းရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်တစ်ဆင့်အနေဖြင့် ဖုန်းနံပါတ်ကို မှန်ကန်စွာ ဖြည့်စွက်၍ ယင်းဖုန်းနံပါတ်သို့ နိုင်ငံတော် သမ္မတရုံးက မက်ဆေ့ခ်ျနံပါတ် (SMS Code) ပြန်လည် ပေးပို့ပေးမည် ဖြစ်ပြီး ယင်းကုတ်နံပါတ်ဖြင့် ပြန်လည်ပေးပို့ပါက ပေးစာ ပေးပို့မှုအဆင့် ပြီးစီးမည်ဖြစ်ကာ သမ္မတရုံးက ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

ယင်းကဲ့သို့ ဖုန်းမက်ဆေ့ခ်ျဖြင့်အတည်ပြုခြင်းစနစ်ကို မကြာမီအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝက်ဘ်ဆိုက် နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများအတွက်လည်း လုပ်ဆောင်မည်ဟု ဦးဇော်ဌေးက ဆိုသည်။ # 7 Day Daily


Leave a Reply