အစ္စရေးသမ္မတဟောင်း ရှီမွန်ပဲရက်စ် အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်

israel

ဂျေရုစလင် စက်တင်ဘာ ၂၈

အစ္စရေးသမ္မတဟောင်းနှင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ရှီမွန်ပဲရက်စ်သည် လေဖြတ်ရောဂါဝေဒနာကို သီတင်း နှစ်ပတ်ကြာခံစားခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း မိသားစုဆရာဝန်က ပြောကြားသည်။

အသက် ၉၃ နှစ်အရွယ် သမ္မတဟောင်းသည် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သားမက်ဖြစ်သူ ရာဖီဝဲဒန်က ပြောသည်။

သို့သော် အသေးစိတ်အချက်အလက်များကို ပြောဆိုခဲ့ခြင်းမရှိဘဲ လာမည့်နာရီအနည်းငယ်အတွင်း သတင်းစာ ရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ကျင်းပမည်ဟုဆိုသည်။

သမ္မတဟောင်းပီရက်စ်သည် လေဖြတ်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကိုယ်တွင်းသွေးယိုစိမ့်မှုကြောင့် စက်တင်ဘာ ၁၃ တွင် တဲအက်ဗစ်အနီးရှိ ဆေးရုံသို့ တက်ရောက် ကုသခံခဲ့ရသည်။ သူသည် နှစ်ကြိမ်တိုင်တိုင် ၀န်ကြီးချုပ် အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သမ္မတအဖြစ်လည်းကောင်း တိုင်းပြည်ကို အလုပ် အကျွေးပြုခဲ့သည်။

အစ္စရေးနိုင်ငံရေးကို ဆယ်စုနှစ်များစွာကြာ တည်ဆောက်ခဲ့ပြီး တိုင်းပြည်၏ နောက်ဆုံးသော တည်ထောင်ရေး ဖခင်တစ်ဦးဖြစ်သည်။ အောင်မြင်မှုများစွာကို ရယူခဲ့ဖူးသူဖြစ်သော်လည်း အစ္စရေး၏ ရှင်းရှင်းလင်းလင်း မသိရှိရ သေးသော နျူကလီးယားအစီအစဉ်ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့သူတစ်ဦးဟု အများက ရှုမြင်ကြသည်။

Ref:AFP


Leave a Reply