မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများ သဘောတူ

14361189_1758619277711906_8780422287591676143_o

နယူးယောက် စက်တင်ဘာ ၂၂

ဂျီ-၇ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများသည် မြောက်ကိုရီးယားကို တင်းကျပ်စွာအရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်သဘောတူခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်အား နျူကလီးယားကင်းစင်သော ကျွန်းဆွယ်ဖြစ်ရေး ကြိုးစား ဆောင်ရွက်နေ ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

စက်တင်ဘာ ၂ဝ ရက်က နယူးယောက်တွင် ကျင်းပသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီရိုကီ ရှီဒါက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများက မြောက်ကိုရီးယား နောက်ဆုံး နျူကလီးယားစမ်းသပ်မှုအပေါ် ပြင်းထန်သော အသုံးအနှုန်းများ သုံးနှုန်းခဲ့ပြီး ရှုတ်ချသည့် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ၄င်းတို့က မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများအပေါ် စိုးရိမ်စိတ်မကင်းဖြစ်နေကြသည်။

ယင်းထုတ်ပြန်ချက်တွင် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို တားဆီးချင်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် နိုင်ငံခြားသားများအား ပြန်ပေး ဆွဲသည့်ကိစ္စရပ်များကို အလျင်အမြန်ဖြေရှင်းရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့တွင် တရုတ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဒေသတွင်းတင်းမာမှုကို မြင့်တက်စေနိုင်သည့် တစ်ဖက်သတ်ကျသော မည်သည့် လုပ်ဆောင်ချက်မဆို ဆန့်ကျင်ကြောင်း ဂျီ-၇ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများက ပြောခဲ့သည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့ပြင် မကြာသေးမီက ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း ရှုတ်ချ ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားပြီး ဂျီ-၇ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အကြမ်းဖက်မှုများအား ဆန့်ကျင်တိုက်ဖျက်ရန် အပြည်ပြည်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

(အင်န်အိတ်ခ်ျကေ)


Leave a Reply