ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ကြံခင်းမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်လင်း သည် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကိုနှင့်အတူ စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းက ကြံခင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး စုဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ နှင့် ရပ်/ကျေးပါတီဝင်များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ်ညီလာခံမှ ချမှတ်လိုက်သော ရည်ရွယ်ချက်၊ လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး အောက်ခြေပါတီများသို့တိုင် လိုက်လံရှင်းလင်း ဆွေးနွေးရခြင်းကို အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။

ထို့နောက် တိုင်းပါတီအတွင်းရေးမှူး ဦးဝင်းကိုကိုက မိမိတို့ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် အမျိုးသားနိုင်ငံရေးအခြေအနေ၊ ဘာသာ သာသနာအရေးကိစ္စရပ်များ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြီး မြို့နယ်ပါတီဥက္ကဋ္ဌက တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများနှင့် မိတ်ဆက်ပေးသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်ဝင်းဆွေ၊ ဟင်္သာတခရိုင် ပါတီကော်မတီဝင် ဒေါက်တာသန်းထွဋ်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များအပါအဝင် ကြံခင်းမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၅ ခုမှ စည်းရုံးရေးမှူး/တွဲဖက်စည်းရုံးရေးမှူးများ အင်အား စုစုပေါင်း (၉ဝ) ခန့် တက်ရောက်ခဲ့ကြသည်။


Leave a Reply