ကုလသမဂ္ဂအထွေထွေညီလာခံတွင် အိုဘားမားနောက်ဆုံးမိန့်ခွန်း ပြောကြား

14424888_1758099991097168_3234774788492484782_o

နယူးယောက် စက်တင်ဘာ ၂၁

လာမည့်နှစ်ဇန်နဝါရီလတွင် တာဝန်မှအနားယူတော့မည်ဖြစ်သော အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြောကြားခဲ့သော ၄င်း၏ နောက်ဆုံး မိန့်ခွန်းတွင် က္ဘာလုံးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရန်နှင့် စည်းလုံး ညီညွတ်မှုရှိရန် တောင်းဆိုလိုက်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

စက်တင်ဘာ ၂၁ ရက်တွင် နယူးယောက်၌ ကျင်းပသော ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အိုဘားမားက ၂ဝဝ၈ ခုနှစ်မှ စခဲ့သော ဘဏ္ဍာရေး အကျပ်အတည်း သည် တဖြည်းဖြည်း နာလန်ထူလာပြီဖြစ်ကြောင်း၊ အီရန်နျူကလီးယား အစီအစဉ်သည်လည်း သဘောတူညီမှု ရရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း က္ဘာကြီးသည် အကြမ်းဖက်မှုများနှင့်ဒုက္ခသည်အကျပ်အတည်း ကဲ့သို့သော ပြဿနာရပ်များနှင့် ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်အားကြီးနိုင်ငံများအနေဖြင့် ၄င်းတို့အပေါ် ချမှတ်ထားသော အပြည်ပြည် ဆိုင်ရာဥပဒေထိန်းချုပ်မှုများကို ကြိုးစားလိုက်နာ ဖြေရှင်းသွားရဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ အိုဘားမားက ရုရှားနှင့်တရုတ်တို့ကို ရည်òန်း လျက် ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။ ပြင်းထန်သော အမျိုးသားလွတ်လပ်ရေး မူဝါဒများ၊ ဘာသာရေးအစွန်းရောက်ဝါဒများနှင့် သာမန်လူထု အကျိုးမျှော်ဝါဒများ အားကောင်း လာနိုင်ကြောင်း သတိပေးထားသည်။

အကောင်းဆုံးပုံစံနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့်စည်းလုံးညီညွတ်မှုရှိရန် နိုင်ငံများ က ရွေးချယ်မှုလုပ်ရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် အိုဘားမားက ရီပက်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရန့်၏ မက္ကဆီကို နယ်စပ်တွင် တရားမဝင်ရွှေ့ပြောင်းအခြေချသူများအား တားဆီးရန် တံတိုင်းကာရံမည့် အစီအစဉ်ကို သွယ်ဝိုက် ဝေဖန်လိုက်သည်။

အိုဘားမားသည် အဖွဲ့ဝင်နိုင်ငံများအားလုံး နျူကလီးယားစမ်းသပ်ခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် တိုက်တွန်းခဲ့သည်။ အမေရိကန်ကဲ့သို့သော နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံများကလည်း နျူကလီးယား လျှော့ချရန်နှင့် နျူကလီးယားကို နောက်တစ်ကြိမ် စမ်းသပ်မှုမပြုလုပ်ရန် အခြေခံသတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

Myanmaalinn/ (အင်န်အိတ်ခ်ျကေ)


Leave a Reply