နည်းပြ အေယီစတာရန်ကို ဗလင်စီယာအသင်း ရာထူးမှ ထုတ်ပယ်
ဗလင်စီယာအသင်းသည် လာလီဂါပြိုင်ပွဲတွင် ရာသီအဖွင့်(၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ပါကိုအေယီ စတာရန်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။
အေယီစတာရန်သည် ပြီးခဲ့သည့်ရာသီကုန်ခါနီးတွင် ဂယ်ရီနဗီးလ်၏နေရာကို အစားထိုးတာဝန်ယူခဲ့ရသူဖြစ်ပြီး ၂၀၁၇-၁၈ ရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ဘီလ်ဘာအိုအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီး အမှတ်ပေးဇယား အောက်ဆုံးမှ ရုန်းထွက်နိုင်ခြင်းမရှိခဲ့သည့်အတွက် ဗလင်စီယာအသင်း ဘုတ်အဖွဲ့က အရေးပေါ်အစည်းအဝေး ပြုလုပ်ကာ အင်္ဂါနေ့တွင် ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ဗလင်စီယာအသင်းသည် နောက်ခံလူဟောင်း ဗီရိုဂွန်ဇာလက်ဇ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးလိုက်ပြီး နည်းပြသစ်အကို အမြန်ဆုံးအစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Ref: Skysports