ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူရုပ်ပွားတော်ကြီးကို ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင်တော်တွင် တည်ထားကိုးကွယ် လျက်ရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့ ဘုရားသုံးဆူ တောင်တော်တွင် ဥာဏ်တော် ၂၅၅ ဒသမ ၆ ပေအမြင့်ရှိ ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူရုပ်ပွားတော်ကြီးကို ဘုရားသုံးဆူ တောင်ပေါ်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေ ဇ၀န္တမှ ဦးဆောင်ကာ တည်ထားကိုးကွယ်လျက်ရှိကြောင်း အဆိုပါရုပ်ပွားတော် တည်ဆောက်ရေး လုပ်ငန်းခွင်မှ သိရ သည်။

ထိုင်တော်မူရုပ်ပွားတော်ကြီး အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ကာ အုတ်မြစ်ချမင်္ဂလာပြုလုပ်ပေးခဲ့ပြီး ယခုအခါ အောက်ခံ ပလ္လင်တော် တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

“ဘုရားသုံးဆူတောင်ပေါ် ကျောင်းဆရာတော်ကြီးက အခုတည်ထားနေတဲ့ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးကို မဖြစ်ဖြစ်အောင် တည်ထားမယ်ဆိုပြီး ဆုံးဖြတ်ချက် ချတော်မူခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ဆုံးဖြတ်ချက် အတိုင်း ဒီရုပ်ပွားတော်မြတ်ကြီးတည် ထားကိုးကွယ်နိုင်ဖို့အတွက် တပည့်ဒါယကာဒါယိကာမတွေက ၂၀၁၄ ခုနှစ် ကတည်းက စတင်ကြိုးစားခဲ့ကြပါတယ်” ဟု တည်ဆောက်ရေးလုပ်ငန်းခွင်မှ တာဝန်ရှိသူ တစ်ဦးကပြော ကြားသည်။

ထိုင်တော်မူရုပ်ပွားတော်ကြီး ခိုင်ခံ့ရန်အတွက် ၂၀၁၆ ခုနှစ် နှစ် ဦးပိုင်းတွင် ပေ ၁၀၀ ကျော်အနက် အောက်ခံ ကျောက်လွှာများတွင် ပိုင်တိုင်များ စိုက်ထူခဲ့ပြီး ပလ္လင်တော်အခံ ကြမ်းပြင်အတွက် သံချည်သံကွေးလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ ထိုင်တော်မူရုပ်ပွားတော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကျိုက်ထိုမြို့နယ် ဘုရားကြီးကျေးရွာ၊ လှည်းလမ်းကူးကျေးရွာနှင့် ကျိုက်ပိကျေးရွာများမှ ဒေသခံပြည်သူ ၁၀၀ ကျော် နေ့စဉ်လာရောက် လုပ်အားဒါနပြု ကြသည်။

ထိုင်တော်မူရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်မှုတွင် ကုသိုလ်ပါ ၀င်လှူဒါန်းလိုသူများအနေဖြင့် ဘုရားသုံးဆူ တောင်ပေါ်ကြီးကျောင်း ဖုန်း-၀၉၄၂၅၃၂၁၉၉၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ZMT

#Democracytoday

 


Leave a Reply