ရခိုင်အမျိုးသားပါတီတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ရေးနှင့်ပတ်သက်၍ ဒေသခံလူထုသဘောထားကို တောင်းခံမည်

ရခိုင်အမျိုးသားပါတီ (ANP) တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဆက်လက်ပါဝင် ရပ်တည်ရမည့်အနေအထား နှင့်ပတ်သက်၍ ရခိုင်ပြည်သူလူထု၏ ဆန္ဒသဘောထားကို လာမည့်လအတွင်း တောင်းခံရန်ရှိကြောင်း ALD အတွင်းရေးမှူးဟောင်း ဦးမျိုးကျော်ထံမှ သတင်းရရှိသည်။

‘‘လာမယ့်လအတွင်းမှာ ရခိုင်မှာရှိတဲ့ မြို့နယ်တွေက ပြည်သူတွေရယ် ကျွန်တော်တို့ပါတီဝင်ဟောင်းတွေရယ်ကို တွေ့ဆုံပြီး လက်ရှိအခြေအနေတွေ ရှင်းပြပြီး ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ သဘောထားတောင်းပါမယ်။ ပြည်သူဆုံးဖြတ်တဲ့အတိုင်း လုပ်သွားမယ်’’ ဟု ဦးမျိုးကျော်ကပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရရန် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ပေါင်းစည်း၍ ရခိုင်အမျိုးသားပါတီအဖြစ် တည်ထောင်ခဲ့သည်။ သို့သော် နှစ်ပါတီပေါင်းစည်းပြီးနောက် နိုင်ငံရေးအရ သဘောထားအမြင် မတူညီမှုများရှိလာကြောင်း ဦးမျိုးကျော်က ဆိုသည်။

‘‘ပြည်သူလူထုက တောင်းဆိုတဲ့အတွက် ပေါင်းခဲ့ကြတယ်။ အခုလည်း ခွဲထွက်ဖို့ ကျွန်တော်တို့မလုပ်ပါဘူး။ ပြည်သူတွေ သဘောထားတောင်းမယ်။ ပြီးရင် နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းသင့်တာတွေ ဆွေးနွေးကြမယ်’’ ဟု ဦးမျိုးကျော်ကပြောသည်။

ရခိုင်အမျိုးသားပါတီ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ALD ပါတီဝင်ဟောင်းများသည် ရှေ့ဆက် လုပ်ဆောင်ရမည့် အခြေအနေများကို စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

RNDP ပါတီဝင်ဟောင်း ဖြစ်ပြီး လက်ရှိရခိုင်အမျိုးသား ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ALD ဘက်က တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလာပါက တွေ့ဆုံရန်ရှိ ကြောင်းပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၃၅ နေရာတွင် ၂၃ နေရာ အနိုင် ရရှိထားပြီး ပြည်နယ်လွှတ်တော်၌ အင်အားအများဆုံးဖြစ်သည်။ လက်ရှိရခိုင်အမျိုးသား ပါတီခေါင်းဆောင်ပိုင်းတွင် ALD မှ လူနည်းစုသာပါဝင်ပြီး RNDP မှ အများဆုံးပါဝင်သည်။

#7 Day Daily


Leave a Reply