ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦး ရန်ကုန်တိုင်းဒေသကြီးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး တက်ရောက် အမှာစကားပြောကြား

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂ဝ၁၆ခုနှစ် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ရာ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင် နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက အမှာစကားပြောကြားရာတွင် ၂ဝ၁၆ ခုနှစ် ဒုတိယအကြိမ် ပါတီညီလာခံမှ ပါတီကိုပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ ပါတီ၏ ဖွဲ့စည်းပုံကို လုပ်ငန်းများ သွက်လက်လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးကို ရှေးရှု၍ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ပါတီဖွဲ့စည်းပုံ ပြောင်းလဲခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ယုံကြည်ချက်၊ ခံယူချက်များနှင့်ရည်မှန်းချက်များမှာ လုံးဝပြောင်းလဲမည် မဟုတ်ဘဲ ခိုင်မာသော ယုံကြည်ချက်၊ ခံယူချက်များဖြင့် ပါတီ၏ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယုံကြည်ချက် ရင့်သန် ခိုင်မာရေးဆိုင်ရာ သဘောထားများကိုလည်းကောင်း၊ ပါတီညီလာခံမှ ပြင်ဆင်ဖွဲ့စည်း လိုက်သော ဗဟိုနာယကအဖွဲ့၊ ဗဟိုဦးဆောင်ကော်မတီ၊ ဗဟိုအတိုင်ပင်ခံအဖွဲ့၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီအဆင့်ဆင့်မှ ပါဝင်သူများမှာ ပါတီညီလာခံမှ တာဝန်ပေးခဲ့ရသူများဖြစ်ကြောင်း၊ ယင်းသို့ တာဝန်ပေးခဲ့ ရသူများမှာ ပါတီညီလာခံတက်ရောက်သူများက ယုံကြည်သောကြောင့် တာဝန်ပေးအပ်ကြ ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တာဝန်ပေးအပ်ခံရသူများက တာဝန်သိစိတ်ဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြ သူများ အားလုံးအနေဖြင့် ပါတီက ယုံကြည်၍ တာဝန်ပေးအပ်ထားခြင်းဖြစ်သောကြောင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန် စသည်ဖြင့် ပါတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များကို ရှင်းလင်းမှာ ကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးတင်မောင်ဝင်း၊ ဦးတင်အောင်၊ ဦးတင်ဝင်းတို့က ပါတီဌာနချုပ်မှ ညွှန်ကြားချက်များဆောင်ရွက်ရေး၊ ပါတီဝင်ပြည်သူများထံ အရောက်သွားရေး၊ ခရိုင် လေးခရိုင်မှ တစ်ခရိုင်လျှင် ပညာသင်ဆု လေးဦးစီ ပြည့်မီစွာ လျှောက်ထားရေး၊ ပါတီ၏ လုပ်ဆောင်ချက်များကို ပုံနှိပ်မီဒီ ယာနှင့် အွန်လိုင်းမီဒီယာတို့က ဖော်ပြရေး လုပ်ငန်း တာဝန်များ ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးမှာကြားသည်။

ခရိုင် လေးခရိုင်မှ ပါတီဥက္ကဋ္ဌများနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများက ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် သိလိုသည်များကို ရှင်းလင်းပြောကြားသည်။

ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ပါတီများမှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရပ်နားခဲ့သည်။

စိုးမင်းသန်း


Leave a Reply