ပုဂံ-ညောင်ဦးတွင် လုပ်အားပေးနေသောပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် အဖွဲ့ တွေ့ဆုံအားပေး စေတီများပြုပြင်ရန် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စူဠာမဏိစေတီနှင့် တဘက်ကျစေတီတို့အပါအဝင် ပုဂံ-ညောင်ဦးမှ ဘုရားပုထိုးစေတီများတွင် လုပ်အားဒါနပြုနေသော မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များကို စက်တင်ဘာလ (၈) ရက် နံနက် ၁ဝနာရီခွဲက တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။

ထို့အပြင် ပါတီဥက္ကဋ္ဌကိုယ်တိုင် လုပ်အားဒါနပြုကူညီခဲ့ပြီးနောက် ငလျင်ဘေးဒဏ်သင့် ခဲ့ရသော ပုဂံညောင်ဦးမှ ဘုရား ပုထိုး စေတီများပြုပြင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမ အကြိမ် အလှူငွေကျပ် ၁ဝ၁၁၅ဝဝဝ အား ပါတီဥက္ကဋ္ဌဦးသန်းဌေးက ယနေ့နံနက် ၁ဝနာရီခွဲတွင် ညောင်ဦး ခရိုင်ထွေအုပ်ရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူးထံ ပေးအပ် လှူဒါန်းခဲ့သည်။

ပါတီဥက္ကဋ္ဌဦးသန်းဌေးက ပါတီဝင်များအား အားပေးစကားပြောကြားရာတွင် ရပ်ဝေးမှ လာရောက်လုပ် အားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တိုင်းပြည်တွင် မည်သည့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မည်သည့်ညွှန်ကြားချက်မှစောင့်နေစရာမလိုဘဲ သွားရောက်ကူညီရမည်မှာ မိမိတို့ပြည်ခိုင်ဖြိုးပါတီ ဝင်များမှ သိရှိထားရမည်ဖြစ်ကြောင်း၊ ပါတီဌာနချုပ်မှလည်း လိုအပ်သည့်ပံ့ပိုးမှုများကို ယခုကဲ့သို့လိုက်လံ အားပေးပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


Leave a Reply