အလုပ်လျှောက်လွှာကို Email နဲ့ဘယ်လိုပို့မလဲ?

အခုလို IT ခေတ်ကြီးမှာ ကုမ္ပဏီတွေကိုအလုပ်လျှောက်တဲ့အခါ စာရွက်စာတမ်းတွေနဲ့ လူကိုယ်တိုင်သွားပြီး အလုပ်လျှောက်လွှာတင်ရတာထက်၊ Resume / CV တွေကို Email နဲ့ပို့ပေးပြီး အလုပ်လျှောက်ရတာမျိုးတွေဖြစ်လာပြီ။ အခုခေတ်မှာ Email ဆိုတာဟာလည်း လူငယ်တိုင်း/ အလုပ်လုပ်နေသူတိုင်းမတွက် မစိမ်းတော့သလိုဖြစ်နေပါပြီ။ လူတိုင်းသိပြီးတတ်ပြီးဆိုပေမယ့် သတိပြုသင့်တဲ့အချက်လေးတွေတော့ ရှိပါတယ်။ အလုပ်ရှာနေတဲ့ လူငယ်တွေကို သိစေချင်တာပါ။ သိပြီးသားဆိုရင်လည်း ဂရုတစိုက်လေး သတိပြုစေချင်တဲ့စေတနာနဲ့ ဒီစာကိုရေးတာပါ။

အလုပ်လျှောက်လွှာကို Email နဲ့ဘယ်လိုပို့မလဲ?
==============================
ကုမ္ပဏီတစ်ခုဆီ အလုပ်လျှောက်လွှာကို Email နဲ့ပို့ပြီး အလုပ်လျှောက်တော့မယ်ဆိုရင် ဒီအခြေခံအချက်တွေကို သိတိပြုစေချင်ပါတယ်။
၁) ကိုယ်ပို့ရမယ့် Email Address ကို သေချာမှန်ရဲ့လားဆိုတာ ကြိုတင်စစ်ဆေးထားသင့်ပါတယ်။ စာလုံးပေါင်းမှန် မမှန်၊ ( – ) ဒက်ရ်လား ( _ ) အန်ဒါစကိုးလား၊ .co လား .com လား၊ gmail လား yahoo mail လားဆိုတာတွေ Email Address ရကတည်းက စစ်ဆေးထားသင့်ပါတယ်။ Email Address မှားနေလို့ အလုပ်လျှောက်လွှာပို့မရတာမျိုး မဖြစ်အောင် Email Address မှန်ကန်ဖို့ သတိပြုစေချင်ပါတယ်။
၂) အလုပ်လျှောက်တဲ့အခါ အရေးအကြီးဆုံးကတော့ Resume / CV ပါပဲ။ Update Resume/ CV ကို ကြိုတင်ပြင်ဆင်ထားပါ။ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေ၊ လုပ်ငန်းအတွေ့အကြုံတွေ၊ ပညာရေးနဲ့ အရည်အချင်းတွေကို ပြည့်စုံအောင်ရေးသင့်ပါတယ်။ Resume/ CV ရေးတဲ့အခါမှာလည်း English ဘာသာနဲ့ပဲရေးပါ။ အခုလိုခေတ်ကြီးမှာ ဘယ်နေရာဘာလုပ်လုပ် English ဆိုတာ မဖြစ်မနေတတ်ရမယ့် အရည်အချင်းတစ်ခုဖြစ်နေပါပြီ။
၃) Cover Letter ရေးနိုင်ရင် ရေးစေချင်ပါတယ်။ တစ်ချို့အလုပ်တွေလျှောက်တဲ့အခါ Cover Letter ပါတောင်းပါတယ်။ Cover Letter ဆိုတာ မြန်မာလိုတော့ မိတ်ဆက်စာသဘောမျိုးပေါ့။ ကိုယ့်အကြောင်းကို စာနဲ့ လိုရင်းတိုရှင်းမိတ်ဆက်တဲ့စာပေါ့။ Cover Letter ရေးတဲ့အခါ မိမိကိုယ်ကို တိုတိုရှင်းရှင်းမိတ်ဆက်ပါ၊ ကိုယ့်ရဲ့အရည်အချင်းကိုပေါ်လွင်အောင် ရေးပါ၊ ဘာကြောင့်အလုပ်လျှောက်တယ်၊ ဘာတွေလုပ်နိုင်တယ်ဆိုတာမျိုး တိုတိုရှင်းရှင်းရေးသင့်ပါတယ်။
၎) Update Resume/CV ရော Cover Letter ရော အဆင်သင့်ဖြစ်ပြီဆိုရင် Email ပို့ပြီးအလုပ်လျှောက်လို့ရပါပြီ။ Email ပို့တဲ့အခါမှာလည်း စာရေးအသားသတိပြုပါ။ အလုပ်လျှောက်တဲ့ Email ဖြစ်တဲ့အတွက် တလေးတစားရေးသင့်ပါတယ်။ ဒီလိုပြောတဲ့အတွက်လည်း English လိုတွေအများကြီးရေးရမယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ စကားလုံးအသုံးအနှူန်းတွေ၊ စာရေးနည်းပုံစံတွေမှန်ကန်ဖို့ ပြောချင်တာပါ။
ဥပမာ။ ။ “Dear HR Manager” ဒါမှမဟုတ် “Hiring Manager” ဆိုပြီး စရေးသင့်ပါတယ်။ အဲဒီနေရာမှာ “Dear sis,” ဆိုတာမျိုး မသုံးသင့်ပါဘူး။
ဥပမာ။ ။ “Please find my CV in attachment.” ဆိုပြီး တစ်ကြောင်းတည်း တုံးတိကြီးရေးတာမျိုးလည်း ရှောင်သင့်ပါတယ်။ “ကျွန်တော်/မ ဘယ်သူပါ။ ဘယ်လစ်လပ်နေရာကို အလုပ်လျှောက်ချင်ပါတယ်။ Resume/CV တွေကို attachment မှာကြည့်ပါ။” ဆိုတာမျိုးတော့ အနည်းဆုံးရေးသင့်ပါတယ်။ ဘာစာမှမရေးပဲ attachment files တွဲပြီး ပို့လိုက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။
၅) Resume/CV တွေကို attach files တွဲတဲ့အခါမှာ pdf file/ word file ပဲဖြစ်သင့်ပါတယ်။ ဓာတ်ပုံရိုက်ပြီးပို့တာမျိုး၊ screen shot ရိုက်ပြီးပို့တာမျိုး လုံးဝမလုပ်သင့်ပါဘူး။
ဘွဲ့လက်မှတ်တွေ Certificate တွေကို တစ်ခါတည်းပို့မယ်ဆိုရင် တစ်စောင်စီပို့မယ့်အစား pdf file ထဲမှာ တစ်ခါတည်း combined လုပ်ပြီး ပို့ပါ။ ဟိုတစ်ဖိုင် ဒီတစ်ဖိုင်နဲ့ပို့နေရင် ဖတ်ရတဲ့သုအတွက် အဆင်သိပ်မပြေပါဘူး။ ပြီးရင် တွဲထားတဲ့ Attachment file တွေသေချာပါရဲ့လား ပြန်စစ်ဆေးပါ။
၆) နောက်ဆုံးတစ်ခုပြောချင်တာကတော့ မိမိရဲ့ Email Address ပါပဲ။ မြန်မာလူငယ်တွေရဲ့ Email Address တွေက နာမည်အရင်းမဟုတ်ပဲ nickname တွေ နာမည်ပြောင်တွေ ပေးထားတတ်ကြတယ်။ တစ်ချို့နာမည်တွေဆိုရင် အဆီအငေါ်မတည့်တာတွေတွေ့ရတတ်တယ်။ အဲလို Email Address မျိုးက အလုပ်လျှောက်လွှာကို impression ကျစေတတ်ပါတယ်။ မိမိနာမည်နဲ့ Email Address လုပ်ထားဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်။ ။ ကျမရဲ့ အတွေးအမြင်သာ ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~
ပွင့်ရည်ကျော်


Leave a Reply