ဆရာတော်ဦးဥတ္တမ (၇၇)နှစ်မြောက် အခမ်းအနား ရန်ကုန်နှင့် ရခိုင်ပြည်နယ်မြို့များတွင် ကျင်းပမည်

ယခုလ ၉ ရက်တွင် ကျရောက်မည့် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ (၇၇) နှစ် မြောက် အခမ်းအနားကို ရန်ကုန်မြို့အပါအ၀င် ရခိုင်ပြည်နယ်ရှိ မြို့များတွင် ကျင်းပမည်ဟု သတင်းရရှိသည်။

ရန်ကုန်မြို့၌ ကျင်းပမည့်အခမ်းအနားအတွက် ယခုလ ၇ ရက် နံနက်တွင် ရခိုင်ပြည်နယ်ဓမ္မာရုံ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဦးဥတ္တမပန်းခြံတွင် ကျင်းပမည့်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ ရခိုင်လူမှုအသင်း အဖွဲ့များ စုပေါင်းပါဝင်မည်ဖြစ်ကြောင်း (၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနား ကျင်းပရေးကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ဦးဖေသိန်းက ပြောသည်။

‘‘ဆရာတော်ကို ပူဇော်တဲ့အခမ်းအနားပေါ့။ ရန်ကုန်အပြင် ရခိုင်ပြည်နယ်က မြို့နယ်အလိုက်ကျင်းပမယ်လို့ ကြားသိရပါတယ်။ ပြည်ပမှာဆို ဂျပန်နဲ့ ထိုင်းမှာ ကျင်းပတယ်’’ ဟု ဦးဖေသိန်းက ပြောသည်။ ယခုနှစ် အခမ်းအနားကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်ရှိမြို့များတွင်သာမက ကျေးရွာအများ အပြားတွင်လည်း စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး မလေးရှား၊ ထိုင်း၊ ဂျပန်၊ အမေရိကန်နိုင်ငံများ၌လည်း ပြုလုပ်မည်ဟု ဆိုသည်။

စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၊ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းမည်ဖြစ်ပြီး နေ့လယ်၌ ရွှေတိဂုံအရှေ့ဘက်မုခ်အနီးရှိ ဆရာတော် ဦးဥတ္တမပန်းခြံတွင် ဟောပြောပွဲအခမ်းအနားများနှင့် အတူ ပျော်ပွဲရွှင်ပွဲများပါ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ဒီဇင်ဘာ ၂၈ ရက်တွင် ရခိုင် ပြည်နယ်၊ စစ်တွေမြို့၌ ဖွားမြင်ပြီး ၁၉၃၉ စက်တင်ဘာ ၉ ရက်တွင်ရန်ကုန်မြို့၌ ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံ ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရန် စတင်နိုးဆော်သူ၊ မြန်မာ ပြည်သူတစ်ရပ်လုံးကို နိုင်ငံရေးတက်ကြွနိုးကြားလာစေရန် မျိုးစေ့ချပေးသူ၊ အင်္ဂလိပ်ဘုရင်ခံ ကရက်ဒေါက်ကို မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် ရာဇသံပေးသူ၊ အင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ရန် ထောင် အကြိမ်ကြိမ်အကျခံ၍ သေသည့်အထိ ကိုယ်ကျိုးစွန့်ကြိုးပမ်းခဲ့သူဖြစ်သဖြင့် ဆရာတော်ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာ  ၉ ရက်ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် သတ်မှတ်က နှစ်စဉ်ဂုဏ်ပြုပူဇော်ပွဲများ ကျင်းပပြုလုပ်ကြ ခြင်းဖြစ်သည်။

# 7 Day Daily


 


Leave a Reply