ကျေးလက်ဒေသများအတွက် ဂြိုဟ်တုဆက်သွယ်ရေး အင်တာနက်ဝန်ဆောင်မှုပေးမည်

ဝေးလံခေါင်သီသော ကျေးလက်ဒေသများအတွက် ဂြိုဟ်တုအခြေပြုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်း (Onet Service) ကို မြန်မာကုမ္ပဏီတစ်ခုနှင့် ဗီယက်နမ် နည်းပညာကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဝန်ဆောင်မှုကို ဗီယက်နမ်နိုင်ငံ၏ VSAT နည်းပညာကို အသုံးပြုထား၍ မြန်မာတစ်နိုင်ငံလုံးတွင် အသုံးပြု နိုင်ပြီး သုံးစွဲသူများအနေဖြင့် C Band နှင့် KU Bank ဟူ၍ နှစ်မျိုးရွေးချယ်နိုင်ကြောင်း မန်နေဂျင်းဒါရိုက်တာ ဒေါ်သိင်္ဂီလင်းက ပြောသည်။

‘‘မြန်မာပြည်တစ်ခုလုံးကို ကာဗာဖြစ်တဲ့ ဘန်းနှစ်မျိုးရှိတယ်။ အဲဒီနှစ်မျိုးကို ၀ယ်ယူမယ့်သူတွေက သူတို့ရဲ့ လိုအပ် ချက်အတိုင်း သုံးလို့ရမယ်။ တချို့နေရာတွေမှာ CBand ပိုကောင်းတယ်။ တချို့နေရာမှာ KU Bank ပိုကောင်းတယ် ဆိုတာ ကျွန်မတို့ဘက်က နည်းပညာကျွမ်းကျင်တွေက ဆာဗေးဆင်းပြီး အကြံပေးမယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်း Onet Service ကိုဝေလံခေါင်သီသော ကျေးလက်ဒေသများသာမက အိမ်သုံး၊ ရုံးသုံးအတွက် ယခုလမှ စတင်၍ ၀န်ဆောင်မှုပေးမည်ဖြစ်ကာ အနိမ့်ဆုံးလစဉ်ကြေး ကျပ်သုံးသိန်းခန့် သတ်မှတ်ထားကြောင်း ဒေါ်သိင်္ဂီလင်း ကရှင်းပြသည်။

လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံပိုင်ဂြိုဟ်တုစီမံချက် (Myanmar National Satellite) ဖြင့် ဂြိုဟ်တု ငှားရမ်းခြင်းကို အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယင်းဂြိုဟ်တုမှ သီးခြားချန်နယ် တစ်ခုကို ထပ်မံငှားရမ်းထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

 ပြည်တွင်း၌ ဂြိုဟ်တုအခြေပြု ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဗီယက်နမ်နှင့် အကျိုးတူပူးပေါင်းထား သော အထက်ပါကုမ္ပဏီအပါအ၀င် ပြည်တွင်းကုမ္ပဏီသုံးခုက ၀န်ဆောင်မှုပေးနေပြီး ယင်းဝန်ဆောင်မှုပေးရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသော နည်းပညာကုမ္ပဏီများလည်း ရှိနေကြောင်း ဒေါ်သိင်္ဂီလင်းက ဆိုသည်။

 

# 7 Day Daily


Leave a Reply