ဇစ်ကို၏သွင်းဂိုးစံချိန်ကို နေမာ လိုက်မီ

ဘရာဇီးတိုက်စစ်မှူးနေမာသည် ဘရာဇီးက ကိုလံဘီယာကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင် ဘရာဇီးလက်ရွေးစင်အသင်း ဂန္ထ၀င် ကစား သမားများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သော ဇစ်ကို၏ သွင်းဂိုးစံချိန် ကို လိုက်မီသွားခဲ့ပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။

14291808_1247146928649636_7359471605232021683_n

နေမာသည် ဘရာဇီးနှင့် ကိုလံဘီယာတို့ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ပွဲကစားချိန် ၇၃ မိနစ်၌ ရယူပေးခဲ့ပြီး လက်ရှိတွင် ဘရာဇီးလက်ရွေးစင်အသင်းကိုကိုယ်စား ပြု၍ နေမာရယူနိုင်ခဲ့သော သွင်းဂိုးအရေအတွက်မှာ ၄၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သည်။

နေမာသည် ဘရာဇီးလက်ရွေးစင်အသင်း သမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူရရှိသူ ကစားသမား စာရင်းတွင် စတုတ္ထနေရာသို့ တက်လှမ်းရောက်ရှိလာခဲ့ပြီဖြစ်ပြီး ၎င်းထက် ဂိုးအရေအတွက် ပိုမိုသွင်းယူထားသူများ အဖြစ် ပီလီ(၇၇ ဂိုး)၊ ရော်နယ်ဒို(၆၂ ဂိုး)နှင့် ရိုမာရီယို (၅၅ ဂိုး)တို့သာ ကျန်ရှိတော့သည်။

ဘရာဇီးသည် လက်ရှိတွင် နည်းပြသစ် တီတီလက်အောက်၌ ခြေစစ်ပွဲ နှစ်ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပြီဖြစ်ကာ ယင်း အတွက် တောင်အမေရိကဇုန်ခြေစစ်ပွဲ ရပ်တည်မှုဇယား၌ ဘရာဇီးက ရမှတ် ၁၅ မှတ်ဖြင့် ဦးဆောင်သူ ဥရုဂွေး ၏နောက် ဒုတိယနေရာသို့ ရောက်ရှိသွားခဲ့ပြီလည်းဖြစ်သည်။

တောင်အမေရိကဇုန်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ၀င်ခွင့်ပမာဏ လေးနေရာခွဲ ရရှိထားပြီး ယင်း အတွက် အမှတ်ဇယား၌ အဆင့်တစ်မှနေ၍ အဆင့်လေးအတွင်း ရပ်တည်နိုင်သည့်အသင်းများမှာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခွင့်ကို ရယူနိုင်ကြမည်ဖြစ်ကာ ပဉ္စမနေရာရရှိသောအသင်းမှာ ပြိုင်ပွဲဝင်ခွင့်အတွက် ထပ်ဆင့် ခြေစစ်ပွဲ ဆက်လက်ကစားသွားရလိမ့်မည်ဖြစ်သည်။

နေမာသည် ဘရာဇီးလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၇၂ ပွဲ ပါဝင်ကစားခဲ့ရာတွင် သွင်းဂိုး ၄၈ ဂိုး ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိဂိုးသွင်းနှုန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မည်ဆိုပါက များမကြာမီအချိန်အတွင်း ရိုမာရီယို၏ဂိုးသွင်းစံချိန်ကိုပါ နေမာက လိုက်မီသွားလိမ့်မည်ဟု နည်းပြတီတီက ချီးကျူးပြောဆိုသွားခဲ့သည်။

# ပြည်မြန်မာ



Leave a Reply