နားလည်ရန်ခက်သည့် ဘာသာစကားဖြင့် ဖော်ပြထားသည့် အလှကုန်များကို မသုံးစွဲရန် FDA အကြံပြု

ဈေးကွက်အတွင်း နားလည်ရန် ခက်ခဲသည့် ဘာသာစကားဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကို မသုံးစွဲ ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သဇင်ရီလှိုင်က အကြံပြု ပြောကြားသည်။

“ထုတ်လုပ်တဲ့နိုင်ငံ ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီဆိုတာ သိရတယ်။ Label တွေမှာ ထိုင်းဘာသာစကားတွေ၊ တရုတ်ဘာသာ စကားတွေပဲပါတယ်။ ဘယ်လိုသုံးရမလဲ ဆိုတာတွေ မပါဘူး။ ဒါမျိုးတစ်ခုမှမပါတဲ့ပစ္စည်းတွေကို ကျွန်မတို့ ပြည်သူတွေ ဘယ်လိုများ သုံးစွဲနေကြသလဲဆိုတာ အံ့သြပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အလှကုန်ပစ္စည်းများအပေါ်တွင် ပါဝင်မှု အတိုင်းအတာပမာဏ၊ အလှကုန်ပစ္စည်း အမှတ်တံဆိပ်၊ အမည်နှင့် ယင်း၏ စွမ်းဆောင်နိုင်မှု၊ ကုန်ပစ္စည်း ထုတ်လုပ်မှု အမှတ်စဉ်နံပါတ်၊ ရှင်းလင်းစွာ ဖော်ပြထားသော ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်မည့် ရက်စွဲများ၊ ထုတ်လုပ်သည့် နိုင်ငံ၊ အသုံးပြုပုံ အညွှန်း၊ ပါဝင်ပစ္စည်း စာရင်း အပြည့်အစုံ၊ အထူးသတိပေးချက်များနှင့် အလှကုန်ကို ဈေးကွက်တင်ရောင်းချသည့် ကုမ္ပဏီ (သို့) ပုဂ္ဂိုလ်၏ အမည်နှင့် လိပ်စာစသည်တို့ကို ဖတ်ရှုအသုံးပြုသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနက တိုက်တွန်းသည်။

အလှကုန်ပစ္စည်းများသည် ယေဘုယျအားဖြင့် အခြားသော ကျန်းမာရေးဆိုင်ရာ ပစ္စည်း(ဆေးဝါးများ၊ တိုင်းရင်းဆေး) များနှင့် နှိုင်းယှဉ်လျှင် ဘေးဥပဒ်အန္တရာယ် ပေးနိုင်ခြေနည်းပါးသော်လည်း ၎င်းတို့၏ ဘေး အန္တရာယ်ကင်းကြောင်း စိတ်ချရမှုနှင့် အရည်အသွေးများအတွက် လုံးဝ အာမခံချက်မရှိသည့်အတွက် အလှကုန် ပစ္စည်းသုံးစွဲသူများအနေနှင့် အလှကုန်ပစ္စည်းများကို ဘေးဥပဒ်အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် အရေးကြီး ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အာဆီယံ အသိပညာပေး လက်စွဲစာအုပ်ပါ အချက် အလက်များအရ သိရသည်။

The Voice


Leave a Reply