လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နောက်သုံးရက်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေအားကောင်းနေပြီး ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်ဒေသ များတွင်လည်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ၎င်းကပြောဆိုသည်။

“လေဖိအားနည်းရပ်ဝန်းကတော့ အားမကောင်းနိုင်ဘူး။ တစ်ရက်၊ နှစ်ရက်နေရင် အိန္ဒိယဘက်ကို ဝင်သွားမယ်”ဟု ဒေါက်တာ ကျော်မိုးဦးက ဆိုသည်။

မြစ်ဝကျွန်းပေါ် ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် လေပြင်းတိုက်ခတ်မှု တစ်နာရီ မိုင် ၄ဝ အထိ ရှိနိုင်ရာ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များသည် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ထို့ပြင် စက်တင်ဘာလမှ အောက်တိုဘာလသည် တတိယ ရေကြီးကာလဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ လေပွေလှိုင်းများ ရွေ့လျားလာခြင်းတို့ကြောင့် မိုးရွာသွန်းမှု များနိုင်သည့်အပြင် လာနီညာ ရာသီဥတုကြောင့်လည်း မိုးများနိုင်သည့်အတွက် ရေကြီးရေလျှံမှု အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေ ဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

# The Voice


Leave a Reply