အမေရိကန်-မြန်မာ အိုင်စီတီကောင်စီနှင့် ပြည်တွင်းပြည်ပကုမ္ပဏီများပါဝင်မည့် ဖိုရမ်တစ်ခု ကျင်းပမည်

အမေရိကန်-မြန်မာ အိုင်စီတီကောင်စီအပါအဝင် ပြည်တွင်း၊ ပြည်ပအိုင်စီတီကုမ္ပဏီများစုပေါင်း၍ E-Government ပြပွဲနှင့် ဆွေးနွေးပွဲများပါဝင်သည့် ဖိုရမ်တစ်ခုကို လာမည့်အောက်တိုဘာ ပထမပတ်အတွင်း၌ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ  သတင်းရရှိသည်။

‘‘ဖိုရမ်မှာ E-Government နဲ့ပတ်သက်တဲ့ အိုင်စီတီထုတ်ကုန်အားလုံးကို အစိုးရအဖွဲ့က လေ့လာနိုင်ဖို့ ပြည်တွင်း၊ ပြည်ပက ကုမ္ပဏီတွေစုပေါင်းပြီး ပြသသွားမှာဖြစ်ပြီး E-Government လုပ်ငန်းဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ တွေကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူး ဦးမျိုး မြင့်ထွန်းက ပြောသည်။

အမေရိကန်-မြန်မာအိုင်စီတီကောင်စီကို အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးများဖြစ် သည့် Google, Microsoft, HP, Cisco နှင့် Qualcomm တို့ ပူးပေါင်းဖွဲ့စည်းထားပြီး အဆိုပါဖိုရမ်တွင် အထက်ပါကုမ္ပဏီငါးခုထဲမှ အချို့နှင့် အခြားသော ပြည်တွင်း၊ ပြည်ပမှ အိုင်တီကုမ္ပဏီများ၏ E- Gover-nment လုပ်ငန်းသုံး ထုတ်ကုန်များဖြစ်သည့် Software,Hardware နှင့် Solution များလည်း ပြသမည်ဖြစ်သည်။

‘‘ဖိုရမ်ကို နိုင်ငံတော်သမ္မတ (သို့) ဒုသမ္မတတစ်ဦးဦး တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေပူးပေါင်းပြီး ဆွေးနွေးပွဲလည်း လုပ်မှာဖြစ်တဲ့အတွက် အစိုးရအဖွဲ့က ဝန်ကြီးဌာနအားလုံးကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်’’ ဟု ဦးမျိုးမြင့်ထွန်း က ပြောသည်။

E-Government လုပ်ငန်းဆောင်ရွက်မှုများကို ယခင်အစိုးရ လက်ထက်က လ ၂၀ စီမံကိန်းဖြင့် အကောင်အထည် ဖော်ခဲ့သော်လည်း ထိရောက်သည့် အောင်မြင်မှုမျိုး မရရှိခဲ့၍ အစိုးရသစ်လက်ထက်၌ ဝန်ကြီးဌာနများအားလုံးတွင် အီလက်ထရွန်နစ်စနစ်ကို အသုံးပြုပြီး လုပ်ငန်းများဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

# 7 Day Daily


Leave a Reply