နယ်နိမိတ်မသတ်မှတ်ရသေးသည့်နယ်မြေကို ကမ္ဘာ့အမွေအနှစ်ဝင်ရန် ထိုင်းအစိုးရကြိုးပမ်းမှုအပေါ် ကန့်ကွက်သည့် မြန်မာနိုင်ငံ၏အဆို ယူနက်စကိုထောက်ခံ

နယ်နိမိတ်အဖြစ်မသတ်မှတ်ရသေးသော သစ်တောထူထပ်သည့်ဒေသကို ထိုင်းနိုင်ငံအစိုးရက ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခဲ့သည့်အပေါ် ကန့်ကွက်ခဲ့သော မြန်မာနိုင်ငံ၏အဆိုကို ယူနက်စကိုကော်မတီအဖွဲ့ဝင်များက ထောက်ခံခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘ယူနက်စကို အစည်းအဝေးကိုတက်တော့ ကျွန်တော်တို့က လေ့လာသူအဖြစ်တက်ရတာပါ။ ဒါပေမဲ့ ယူနက်စကို က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခွင့်ပေးခဲ့ပါတယ်။ ဆွေးနွေးမှုမပြတ်ခဲ့ပေမယ့် ယူနက်စကိုက မြန်မာအစိုးရဘက်က တင်ပြတာကို ဆုံးဖြတ်ချက်ချတဲ့အခါ စဉ်းစားစရာအချက်အနေနဲ့ ထည့်သွင်းမယ်ဆိုတော့ အခြေအနေ ကောင်းတယ်လို့ ပြောလို့ရပါတယ်’’ ဟု စောင့်ကြည့်လေ့လာခဲ့သော သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က ပြောသည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးနှင့် ထိစပ်နေသောနေရာကို ကန့်ကရာချန် သဘာဝသစ်တောအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေ၍ မြန်မာနိုင်ငံက ယူနက်စကိုဘုတ်အဖွဲ့သို့ ဇူလိုင်လက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

သဘာဝသစ်တောဖြစ်ပြီး ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝသည်မှာ မှန်ကန်သော်လည်း နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် သဘာဝတောအတွင်း ကျင်လည် ကျက်စားနေသည့် တောရိုင်းတိရစ္ဆာန်များလည်းရှိ၍ ထိုင်းနိုင်ငံက ၎င်းတို့ ပိုင်ဆိုင်သည့် သဘာဝတောအဖြစ် လုပ်ဆောင်နေခြင်းသည် မှားယွင်းကြောင်း မြန်မာဘက်က အဆိုတင်သွင်း ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက အမည်ပေးထားသည့် ကန့်ကရာချန်သဘာဝတောသည် တနင်္သာရီတိုင်းဒေသကြီးနှင့် ထိစပ်လျက် ရှိပြီး ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရှိသည်။ ထို့အပြင် အဆိုပါသဘာဝတောသည် ဟက်တာပေါင်း လေးသိန်းကျော် ကျယ်ဝန်းသဖြင့် ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် ခရိုင်ကြီးသုံးခုနှင့်လည်း ထိစပ်နေသည်။

ထိုင်းနိုင်ငံဘက်က ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းရခြင်းမှာ ကန့်ကရာချန်သဘာဝတောတွင် ၎င်းတို့နိုင်ငံ အတွက် အရေးကြီးသည့် မြစ်ကြီးလေးစင်းရှိပြီး သဘာဝထိန်းသိမ်းနယ်မြေတစ်ခုနှင့် အမျိုးသားဥယျာဉ်နှစ်ခု ရှိနေသည်။ ယင်းသစ်တောအတွင်း အမျိုးသားဥယျာဉ်အသစ်တစ်ခု တည်ထောင်ရန်လည်း ထိုင်းအစိုးရက လျာထား သည်။

ထို့အပြင် ကန့်ကရာချန်သဘာဝတောနှင့် အမျိုးသားဥယျာဉ်သုံးခုနှင့်လည်း ထိစပ်လျက်ရှိသည်ဟု ထိုင်းအစိုးရက ဆိုသည်။ အမြဲစိမ်းသစ်တော၊ မိုးသစ်တောများ တွေ့ရှိရသည့် အင်ဒို-မလေး ယန်းဂဟေဒေသလည်း ဖြစ်သည်။ ထိုင်းနိုင်ငံက တင်သွင်းထားသည့် အစီရင်ခံစာတွင် အဆိုပါသစ်တောသည် ရာသီဥတု ပြောင်းလဲခြင်းကို ထိန်းညှိ ရာ၌ အရေးပါသော သစ်တောဖြစ်ပြီး ရာသီဥတုမျှတမှုကိုလည်း ဖြစ်စေလိမ့်မည်ဟု ဖော်ပြထားသည်။

# 7 Day Daily


Leave a Reply