ယနေ့မှစ၍ အွန်လိုင်းဗီဇာဖြင့် မြန်မာ-ထိုင်း နယ်စပ်ဂိတ် သုံးခုမှ ဝင်ခွင့်ပြုမည်

အိမ်နီးချင်း နိုင်ငံများမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက် လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသည်များကို မြန်မာ-ထိုင်း နယ်စပ်ဂိတ် သုံးခုမှ အွန်လိုင်းဗီဇာဖြင့် ယနေ့မှ စတင် (စက်တင်ဘာလ ၁ရက်) ဝင်ရောက်ခွင့်ပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

ကမ္ဘာလှည့်ခရီးသည်များကို ၂ဝ၁၄ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အွန်လိုင်းဗီဇာစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ပြီး စက်တင်ဘာလ ၁ ရက်မှ စတင်ကာ မြန်မာ-ထိုင်း နယ်စပ်ဝင်ပေါက်ဂိတ်များဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း အစရှိသော ဂိတ်များမှဝင်ရောက် ခွင့်ပြုခြင်း ဖြစ်သည်။

“ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ ဝန်ကြီးဌာနတွေရဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တစ်ခုလို့ ဆိုရမှာပါ။ အခုလို နယ်စပ်ဂိတ် သုံးခုကနေ အွန်လိုင်းဗီဇာစနစ်နဲ့ ဝင်ရောက်ခွင့်ပြုတာက မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည် ဝင်မယ့် အရေအတွက်ကို ပိုမိုများလာစေမှာပါ” ဟု Nature Dream ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ဝင်ခွင့်ပြုရာတွင် နိုင်ငံခြား ဧည့်သည်များကို အွန်လိုင်းစနစ်ဖြင့် ကမ္ဘာလှည့်ခရီးသွား ဗီဇာ (Tourist Visa) နှင့် လုပ်ငန်းဗီဇာ (Business Visa)တို့ဖြင့် ခွင့်ပြုနေခြင်းဖြစ်ပြီး ခရီးသွားဗီဇာစနစ်ဖြင့် နိုင်ငံပေါင်းတစ်ရာကို ခွင့်ပြုထားသည်။

ထိုသို့ အွန်လိုင်းဗီဇာ စနစ်ဖြင့် ဝင်ရောက်ရာတွင် ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှသာ အဓိက ဝင်ရောက်လျက်ရှိပြီး နေ့စဉ်ပျမ်းမျှ ခရီးသွား ၅ဝဝ ခန့် လာရောက်လျက်ရှိပြီး အွန်လိုင်း တိုးရစ်ဗီဇာအတွက်၂၈ ရက် လုပ်ငန်းဗီဇာဖြင့် ရက်ပေါင်း ၆ဝ ကြာ နေထိုင်ခွင့်ပြုထားသည်။

 “မြန်မာနိုင်ငံထက်စာရင် ထိုင်းနိုင်ငံက နိုင်ငံခြားဧည့်သည်ဝင်တာ များတယ်။ အခုလို နယ်စပ်ဂိတ်တွေကနေလည်း ဝင် ထွက်ရတာ လွယ်သွားတော့ မြန်မာမှာ ခရီးသည် ဝင်ရောက်မှု ပိုမိုများလာနိုင်တယ်” ဟု တိုးဒီမြန်မာခရီးသွား လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဒါလီခင်က ဆိုသည်။

မြန်မာနိုင်ငံ အနေနှင့် အွန်လိုင်းဗီဇာ လျှောက်ထားမှုနှင့်ပတ်သက်၍ လူထုအကြားသိရှိရန် အသိပေးမှုများ ပြုလုပ် ရန်လိုအပ်နေသေးကြောင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်သည့် လမ်းကြောင်း များကို ပိုမိုဖွင့်လှစ်ရန်လိုအပ်ပြီး လက်ရှိဝင်ရောက်နေသော ပမာဏသည် မြန်မာနိုင်ငံအတွက် နည်းပါးနေသေး ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောဆိုထားသည်။

၂ဝ၁၅ ခုနှစ်အတွင်း အွန်လိုင်းတိုးရစ် ဗီဇာစနစ်ဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူ ၁၅၆,ဝဝဝ ကျော်ရှိခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် နယ်စပ် ဝင်ထွက်မှု ထိန်းသိမ်းရေးဌာန၊ လေဆိပ်များ ကြီးကြပ်ရေး ဌာနခွဲထံမှ သိရသည်။

# The Voice


Leave a Reply