မဘသ – မန္တလေးတိုင်း Facebook Page မှ ကိုဖီအာနန်ပုံ လွဲမှားဖော်ပြခြင်းကို မဘသ (ဗဟို)မှ ကန့်ကွက်

မဘသ – မန္တလေးတိုင်း Facebook Page နှင့် The Washington Post သတင်းစာ၏ ဖော်ပြချက်များကို လုံးဝကန့်ကွက်ကြောင်း မဘသဗဟိုက စက်တင်ဘာလ (၁) ရက်နေ့တွင် ထုတ်ပြန်စာတစ်ခု ထုတ်ပြန်ခဲ့သည်။

MaBaTha

မဘသ-မန္တလေးတိုင်း ဟူသည့် Facebook (အတုဟုဆိုသည့်) စာမျက်နှာတွင် သရုပ်ဆောင် မော်ဂန်ဖရီးမန်း (Mor gan Freeman) ပုံပေါ်၌ WE NO NEED COFFEE ANNAN HE GO AWAY ဟု သြဂုတ်လ ၂၈ ရက်က ရေးသားဖော်ပြခဲ့ပြီး မဘသအဖွဲ့ကြီးသည် ၂ဝ၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မူဆလင် ရာပေါင်း များစွာ သေကြေခဲ့ရသော ပဋိပက္ခတွင် အားပေးအားမြှောက်ပြုခဲ့သည်ဟု စွပ်စွဲခံရသော အဖွဲ့ကြီးဖြစ်သည်ဟု The Washington Post သတင်းစာမှ သြဂုတ်လ ၃၀ ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်မှုများကို ကန့်ကွက်ကြောင်း မဘသ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ က လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

“ ထိုဖော်ပြချက်သည် မဘသကို နာမည်ပျက်အောင် တမင်သက်သက် လုပ်ကြံဖန်တီးထားခြင်း “ ဟု ၎င်းထုတ်ပြန် စာတွင် ဝေဖန်ထားသည်။

မဘသ ဗဟိုအလုပ်မှုဆောင်များ ဆွေးနွေးတိုင်ပင်ပြီးမှ ယခုထုတ်ပြန်စာကို ဖော်ပြရသောကြောင့် အချိန်ကြာသွား ရခြင်းဖြစ်သည်ဟု ထုတ်ပြန်စာ ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်မြောက်ပိုင်း မဘသ ဥက္ကဋ္ဌ ဆရာတော် အရှင် အင်္ကုရက မဇ္စျိမကို မိန့်သည်။

Kofi Annan ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့်ပတ်သက်၍ မဘသ အဖွဲ့က မည်သည့်သဘောထားမှတ်ချက် မည်သည့်ကြေညာချက်ကိုမှ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိဟုလည်း ထုတ်ပြန်စာတွင် ဖော်ပြပါရှိသည်။

မဘသ-မန္တလေးတိုင်း Facebook Page သည် အတုဖြစ်ပြီး  မန္တလေးတိုင်းမဘသနှင့် လုံးဝပတ်သက်ခြင်းမရှိ ကြောင်းကို မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့က (၁၆-၇-၂ဝ၁၆) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ဖူး ကြောင်းလည်း သိရ သည်။  # Mizzimz


Leave a Reply