ကိုဖီအာနန် စက်တင်ဘာ ၆ ရက်တွင် ရခိုင်ပြည်နယ်သွားမည်

ကိုဖီအာနန်ဦးဆောင်မည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၆ ရက် တွင် ပထမဆုံးအကြိမ် လာရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ်ပါဝင်သော နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး၊ မြန်မာနိုင်ငံသား ခြောက်ဦး၊ စုစုပေါင်း ကိုးဦးဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကို အစိုးရက သြဂုတ် ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့သည် စက်တင်ဘာ ၆ ရက်တွင် ရခိုင်ပြည်နယ်သို့ လာရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး တစ်ဦးက ပြောသည်။

‘‘၆ ရက်နေ့လာမယ်။ ၇ ရက်နေ့ပြန်မယ်။ ဒီမှာလာပြီး လွှတ်တော်တို့၊ အစိုးရအဖွဲ့တို့၊ ကမ့်တွေတို့ ထုံးစံအတိုင်း လာကြည့်မယ်ပေါ့’’ဟု အထက်ပါရဲအရာရှိကြီးက ပြောသည်။

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အဖွဲ့၏ ခရီးစဉ်အသေးစိတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံသို့ ၎င်းတို့၏ဖုန်းသို့ ဆက်သွယ်ရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

လက်ရှိ ဖွဲ့စည်းထားသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အား ရခိုင်တိုင်းရင်းသားအင်အားစုများက ကန့်ကွက်ထားပြီး ယင်းကော်မတီကို ပြည်တွင်း တတ်သိပညာရှင်များဖြင့် ပြင်ဆင်ဖွဲ့စည်းရေးအစိုးရသို့ တိုက်တွန်း သည့် အရေးကြီးအဆိုကို ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက သြဂုတ် ၃၀ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်၌ တင်သွင်းရာ လွှတ်တော်က ဆွေးနွေးရန် သဘောတူ ညီခဲ့သည်။

# 7 Day Daily


Leave a Reply