အိုင်အက်စ်စစ်သွေးကြွများဟု သံသယရှိသူသုံးဦးအား မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီး

045275278278

ကွာလာလမ်ပူ သြဂုတ် ၃၁

ဘာတူလိုဏ်ဂူများဒေသရှိ ဟိန္ဒူဘာသာ ဝတ်ပြုကျောင်း၊ ရဲဌာနများနှင့်ဖျော်ဖြေရေး ကပွဲရုံများအား တိုက်ခိုက်ရန် စီစဉ်နေသည့် အိုင်အက်စ်စစ်သွေးကြွများဟု သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း မလေးရှား ရဲတပ်ဖွဲ့က သြဂုတ် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာသည်။

မလေးရှားအမျိုးသားနေ့အကြို သြဂုတ် ၃ဝ ရက် မွန်းလွဲပိုင်းတွင် လက်ပစ်ဗုံးများနှင့် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ရန် ၎င်းလူသုံးဦးပါအဖွဲ့က စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ယင်းဖမ်းဆီးခံထားရသူ သုံးဦးထဲတွင် အသက် ၂ဝ အရွယ် ကုန်တင်ယာဉ်မောင်း တစ်ဦးပါဝင်ပြီး ၎င်းကို သြဂုတ် ၂၇ ရက်တွင် ဆီလန်ဂေါ၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ လက်ပစ်ဗုံးတစ်လုံး၊ ကိုးမီလီမီတာပစ္စတို သေနတ်တစ်လက်နှင့် ကျည် ၂၄ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အခြားသံသယရှိသူနှစ်ဦးမှာ အသက် ၂၇ နှစ်အရွယ်ရှိ သားသတ်သမားတစ်ဦး ဖြစ်ပြီး ၎င်းကို ပါဟန်တွင် လည်းကောင်း၊ အသက် ၂ဝ အရွယ် ယမကာရောင်းသူတစ်ဦး ကို ကွာလာလမ်ပူမြို့တွင်လည်းကောင်း သြဂုတ် ၂၉ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ် စစ်သွေးကြွများအဖြစ် သံသယရှိ၍ ဖမ်းဆီးခံရသူသုံးဦးသည် မလေးရှားနိုင်ငံသား မိုဟာမက်ဝမ်ဒီ၏ ညွှန်ကြားချက်ဖြင့် လှုပ်ရှားဆောင်ရွက်နေသူ များဖြစ်ကြသည်။ ဝမ်ဒီသည် ဆီးရီးယားနိုင်ငံ၌ အိုင်အက်စ်အဖွဲ့နှင့်အတူ တိုက်ခိုက်ခဲ့သူဖြစ်သည်။

မိုဟာမက်ဝမ်ဒီသည် ယခုနှစ်ဇွန်လ အတွင်းက ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးဒေသရှိ အရက်ဘားဆိုင်တစ်ဆိုင်အား လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် အမိန့်ပေးစေခိုင်း ခဲ့သူအဖြစ် တာဝန်ရှိသူဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုမှာ မလေးရှားနိုင်ငံတွင် အိုင်အက်စ်အဖွဲ့က ပထမဆုံးအကြိမ်အောင်မြင်စွာ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုလည်းဖြစ်သည်။

ယင်းလက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု၏အကျိုးဆက်အဖြစ် အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မှုရှိသည်ဟူသော သံသယ မကင်းမှု ဖြင့် မလေးရှားလူမျိုးကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ရိုက်တာ။
The Mirror Daily


Leave a Reply